ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ဗိုက်ကို တစ်ချိန်လုံး ကုတ်နေရတယ်လို့ စိတ်ကူးယဉ် ကြည့်လိုက်ပါ။ အိမ်မှာ၊ အလုပ်မှာ၊ အစည်းအဝေးခန်းမှာ လက်တစ်ဖက်က အငြိမ်မနေရဘဲ ကုတ်နေရတယ်ဆိုရင် ဘယ်လောက် စိတ်ရှုပ်စရာ ကောင်းလိုက်မလဲနော်။ကိုယ်ဝန်ဆောင်နေစဉ် ဗိုက်နားတစ်ဝိုက် ယားယံတာမျိုး ကြုံတွေ့ရပြီဆိုရင် ဒီလိုဖြစ်နေတာဟာ ကောင်းတာလား မကောင်းဘူးလား၊ ကုတ်သင့်လား မကုတ်သင့်လားစတဲ့ မေးခွန်းများစွာ ဖြစ်လာပါပြီ။ အများစု သိချင်မယ်ထင်ရတဲ့ မေးခွန်းတွေကို ဖြေပေးပါ့မယ်။
ကိုယ်ဝန်ဆောင်နေချိန်မှာဒီလိုယားယံတာဟာပုံမှန်ဖြစ်နေကျလား
--------------------------------------------------------------------------
ဟုတ်ပါတယ်။ ပုံမှန် ဖြစ်နေကျပါ။ ဘာကြောင့်လဲဆို ဗိုက်က နဂိုကထက် ပိုပြီး ဖောင်းလာရတဲ့အတွက် ဝမ်းဗိုက်ကြွက်သားတွေကို ဆွဲဆန့်သလို ဖြစ်တဲ့အတွက် ယားယံရတာ ဖြစ်ပါတယ်။ အမွှာပူး ကိုယ်ဝန်တွေဆို ပိုယားတတ်ပါတယ်။ ဘယ်အချိန်မှာ အများဆုံးဖြစ်လေ့ရှိလဲဆိုရင်တော့ ကိုယ်ဝန် ၁၃ ပတ် ကနေ ၂၈ ပတ် အတွင်းမှာ အများဆုံး ဖြစ်ပါတယ်။ ဘာ့ကြောင့် ဖြစ်ရသလဲဆိုရင်တော့ အပေါ်မှာ ပြောခဲ့သလို ကြွက်သားတွေကို ဆွဲဆန့်လို့ ယားယံတာမျိုးဖြစ်သလို အရေပြား စိုထိုင်းမှု လျော့သွားပြီး ခြောက်သွေ့နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဟော်မုန်း အပြောင်းအလဲကြောင့်လည်း ယားယံတာကို ဖြစ်စေပါတယ်။ဒီလို ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းဗိုက်ယားယံတာမျိုးဟာ ပုံမှန်ဖြစ်လေ့ရှိပေမယ့် အရမ်း ဆိုးဆိုးရွားရွာ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဗိုက်နေရာအပြင် တစ်ခြားနေရာတွေမှာပါ ဆိုးဆိုးရွားရွား ယားယံလာတာမျိုး၊ တစ်ကိုယ်လုံး ယားလာတာမျိုး ယားတာတေွအပြင် အနီပြင်တွေ၊ အဖု၊ အပိန့်တွေ ထွက်လာတာမျိုးတွေ စတာတွေဖြစ်လာရင်တော့ အမြန်ဆုံး ကုသမှုခံယူသင့်ပါပြီ။ အဲ့လို မဟုတ်ဘဲ ပုံမှန်အတိုင်းယားယံတာမျိုးပဲ ဆိုရင်တော့အိမ်မှာပဲ လွယ်လွယ်ကူကူ ကုသနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။
ရေချိုးသည့်အခါ ကွေကာအုတ် အကြမ်း ထည့်ချိုးပါ
-----------------------------------------------------------
ကိုယ်ဝန်ဆောင်ချိုးမယ့် ရေကို ရေနွေးနဲ့စပ်ပါ။ ပြီးရင် ကွေကာအုပ် အဖတ်လေးတွေကို လက်ဖက်ရည်ခွက် တစ်ခွက်စာလောက် လောင်းထည့်ပါ။ အဲ့လို လုပ်ထားတဲ့ ရေနဲ့ရေချိုးတာက ဗိုက်နားတစ်ဝိုက် ယားယံတာကို သက်သာစေတဲ့ နည်းတစ်ခုပါပဲ။ ကွေကာအုပ်မထည့်ဘဲ မုန့်ဖုတ်ဆိုဒါကို ခွက်တစ်ဝက်လောက်ထည့်ပြီးလည်း ချိုးနိုင်ပါတယ်။
ရှားစောင်းလက်ပတ် လိမ်းပေးပါ
-----------------------------------------
နောက်တစ်နည်းကတော့ ရေချိုးပြီးတိုင်း ယားတဲ့နေရာအားလုံးကို ရှားစောင်းလက်ပက်အဆီနဲ့ လိမ်းပေးတာပါပဲ။ ဒါမှမဟုတ် အုန်းဆီလည်း သုံးလို့ ရပါတယ်။ ဗိုက်နား တစ်ဝိုက်ယားယံတာကို သက်သာစေတဲ့ နည်းတစ်ခုပါပဲ။
ဒါ့အပြင်
ရေခဲဝတ်အုပ်တာ၊
အလှဆီ လိမ်းတာ၊
ဗီတာမင်အီးပါတဲ့ လိုးရှင်းလိမ်းတာ၊
အမွှေးနံ့ပျော့တဲ့ ဆပ်ပြာသုံးတာ၊
ချောင်ချောင်ချိချိ အဝတ်အစားပဲဝတ်တာ၊
အရမ်းပူအိုက်တဲ့ နေရာမှာမနေတာ၊
ရေများများသောက်တာ စတဲ့ နည်းလမ်းတွေက ကိုယ်ဝန်ဆောင်နေစဉ်မှာ ဗိုက်တစ်ဝိုက် ယားယံတာကို သက်သာစေနိုင်တဲ့အပြင် မဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး