မေမေတို့ရေ မိသားစုဘဝလေး ပျော်ရွှင်ချမ်းမြေ့စေဖို့အတွက် သားဆက်ခြားခြင်းကလည်း အရမ်းကို အရေးကြီးပါတယ်နော်။ သားဆက်ခြားတော့မယ်ဆိုရင်တော့ နည်းလမ်းတွေအမျိုးမျိုးရှိပြီး ကိုယ်တိုင် ဆေးသောက်တာမျိုးတွေ၊ ဆေးခန်းမှာ ဆေးထိုးတာမျိုးတွေနဲ့ ကိရိယာထည့်တာတွေနဲ့ သားဆက်ခြားခြင်းတွေကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့်လည်း မေမေတို့တွေက သားဆက်ခြားနည်းလမ်းတွေကို ကိုယ်တိုင်အသုံးမပြုမီမှာ ဆရာဝန်တွေနဲ့ တိုင်ပင်မယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ သားဆက်ခြားဆေးတွေကို မသောက်သင့်တဲ့အခြေအနေမှာသောက်မိတယ်ဆိုရင် ကိုယ့်အတွက် ထိခိုက်မှုတွေရှိလာတတ် တာကြောင့် မေမေတို့တွေက ဂရုစိုက်ပေးသင့်ပါတယ်နော်။
အဲ့ဒီလိုအခြေအနေတွေကတော့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ အသည်းကြွပ်ရောဂါ၊ အသည်းမှာအကြိတ်ရောဂါ၊ အရင်ကဆေးကတ်သောက်စဉ်မှာ အသားဝါဖူးတာ၊ သည်းခြေအိတ်မှာကျောက်တည်တာ၊ နှလုံးသွေးကြောကျဉ်းရောဂါရှိတာ၊ သွေးကြောပိတ်ရောဂါနဲ့ အခြားနှလုံးရောဂါ၊ ဦးနှောက်သွေးကြောကျဉ်းရောဂါ၊ သွေးကြောပိတ်ရောဂါ (လေဖြတ်ရောဂါ)၊ ခြေသလုံးသွေးပြန်ကြောအတွင်း သွေးခဲပြီး အဲ့ဒီသွေးခဲကပြုတ်ထွက်သွားကာ အဆုတ်မှာပိတ်မိတဲ့ရောဂါတွေက ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှာ လိုအပ်တဲ့သားဆက်ခြားခြင်းတွေကို ပြုလုပ်ရမှာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ အသက်အရွယ်ကြီးနေတာ၊ ရင်သားကင်ဆာရောဂါ၊ ပြင်းထန်စွာခေါင်းကိုက်တတ်တဲ့ရောဂါတွေဆိုရင်လည်း ဟော်မုန်းပါတဲ့သားဆက်ခြားဆေးတွေနဲ့ မတည့်ပါဘူး။ အဲ့ဒါကြောင့် မေမေတို့တွေက ပျော်ရွှင်ကျန်းမာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်စေဖို့အတွက် ဂရုတစိုက်နဲ့ ကာကွယ်စောင့်ရှောက်နိုင်ဖို့ကျားလေးက မျှဝေပေးလိုက်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး