ကိုယ်ဝန်ပထမသုံးလမှာဆိုရင် အမေက Morning Sickness ဆိုတဲ့ ဗိုက်ကြီးနာစွဲခြင်းရောဂါကို ခံစားရပါတယ်။အဲ့လို ဗိုက်ကြီးနာစွဲတဲ့ ကာလမှာ ဘာမှစားလို့မရတာ ဖြစ်တတ်ပါတယ်။ တချို့ အတွက်ကတော့ စားလို့မရရုံသာ ဖြစ်တတ်သော်လည်း တချို့အတွက်ကတော့ စားသမျှအန်ခြင်းပါ ဖြစ်တတ်ပါသေးတယ်။ အဲ့ဒီအချိန်ကာလမှာဆိုရင် ကိုယ်ဝန်ဆောင်မိခင်များ အနေနဲ့ အစားကို ဝင်အောင်စားပေးသင့်ပါတယ်။ ကိုယ်ခံတွင်းလိုက်မယ့်ဟာ ကိုယ်စားချင်တာစားပေးသင့်ပါတယ်။
ခံတွင်းလိုက်တာစားလို့ ဆိုပေမယ့် သန့်ရှင်း၊ လတ်ဆတ်၊ ပူနွေးဖို့ လိုပါတယ်။ မသန့်ရှင်းတဲ့ အစားအစာ၊ ယင်ကောင်နားထားတဲ့ အစာ၊ မလတ်ဆတ်တဲ့ အစာတွေစားမိလို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်ရင် ကလေးပါပျက်တတ်ပါတယ်။ ကိုယ်စားချင်တာကို သန့်သန့်ရှင်းရှင်း ကိုယ့်အိမ်မှာ ကိုယ်လုပ်စားသင့်ပါတယ်။ချဉ်လွန်း၊ စပ်လွန်းတာတွေ စားရင်လည်း အစာအိမ်လောင်ပြီး ရင်ညွှန့် နေရာက အောင့်တတ်ပါတယ်။ ဗိုက်ကြီးနာစွဲတာကြောင့် အပြင် အစာအိမ်လောင်တာကြောင့် အစာကို လက်မခံနိုင်ဘဲ ပိုအန်တတ်ပါတယ်။
ထို့အတွက် အချဉ်အစပ်စားချင်ရင် အခုအခံလေးနဲ့ တွဲစားပါ။ခံတွင်းလိုက်မယ့်ဟာ ကိုယ်စားချင်တာစားပါဆိုတော့လည်း များသောအားဖြင့် အချဉ်စားချင်ကြတတ်ပါတယ်။ အဲဒီအချဉ်ကိုလည်း အစပ်တွေနဲ့ တွဲစားချင်တတ်ကြပါတယ်။ အခုအခံလေးမရှိဘဲ သူ့ချည်းပဲစားမိရင်တော့ အစာအိမ်လောင်တတ်၊ ဗိုက်အောင့်တတ်ပြန်ပါတယ်။ဒါကြောင့်မို့ အဲဒါမျိုးစားချင်ရင်တော့လည်း အခုအခံဖြစ်တဲ့ ထမင်းလိုမျိုး ၊ ခေါက်ဆွဲလိုမျိုး တစ်ခုခုနဲ့ တွဲစားသင့်ပါတယ်။
ချဉ်လွန်းစပ်လွန်းတာတွေကိုတော့ လုံးဝရှောင်သင့်ပါတယ်။ချဉ်လွန်းစပ်လွန်းရင် အူလမ်းကြောင်းမှာ ဒုက္ခပေးတတ်ပြီး ဗိုက်နာတတ်တယ်။ ဗိုက်နာတယ်ဆိုတာ ပါးစပ်ကသာ အပူအစပ်တွေကို ခံနိုင်ပေမယ့် အူက အပူအစပ်မခံနိုင်တော့ အူကလှုပ်ရှားမှုတွေ ဖြစ်ပြီးတော့ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဝမ်းပျက်ခြင်းကြောင့် ကိုယ်ဝန်ပျက်ကျခြင်းလည်းဖြစ်တတ်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ အထူးဂရုပြုသင့်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး