
မိသားစုထဲကို ရင်သွေးငယ်လေးတွေ ဝင်ရောက်လာတဲ့အချိန်မှာ မိဘတွေအနေနဲ့ ဝမ်းသာပျော်ရွှင်ရသလို ဒီရင်သွေးလေး ကျန်းမာသန်စွမ်းဖို့အတွက် အမြဲတစေ ဂရုစိုက်နေရပါတယ်။ မိမိရဲ့ ရင်သွေးငယ်လေး တစ်စုံတစ်ရာ ထိခိုက်မှုရှိမှာကိုလည်း စိုးရိမ်ကြကာ အဖက်ဖက်ကနေ ထောင့်စေ့အောင် ကာကွယ်ပေးကြပါတယ်။ ဒါပေမယ့် မွေးကင်းစကလေးငယ်တွေမှာ အရေပြားနဲ့ ပတ်သတ်တဲ့ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။

အထူးသဖြင့် မွေးကင်းစကလေးငယ်တွေရဲ့ အရေပြားဟာ အရမ်းကို နူးညံ့လွန်းတာကြောင့် အရေခွံကွာခြင်း ( အရေပြားလန်ခြင်း ) ကို ရင်ဆိုင်ရနိုင်ပါတယ်။ မွေးကင်းစကလေးငယ်တွေဟာ မီးဖွားအပြီး ရက်အနည်းငယ်အကြာမှာတင် အရေပြားလန်ပြီး အရေခွံကွာလေ့ရှိပါတယ်။ ရင်သွေးငယ်လေးရဲ့ လက် ၊ ခြေဖဝါး ၊ ခြေဆစ်နဲ့ ခန္ဓာကိုယ်ရဲ့အခြားသော အစိတ်အပိုင်းတွေမှာ သိသိသာသာ မြင်တွေ့ရမှာပါ။ ဒါကို မိဘတွေအနေနဲ့ အရမ်းကြီး စိုးရိမ်ဖို့တော့ မလိုပါဘူး။

ရင်သွေးငယ်လေးတွေဟာ သန္ဓေသားဘဝမှာ မိခင်ဝမ်းဗိုက်အတွင်းရှိ ရေမြွာရည်ထဲမှာသာ အချိန်ပြည့်နေခဲ့ရတာကြောင့် ပြင်ပလောကထဲ ရောက်ရှိလာချိန်မှာ အသားအရေဟာ အရမ်းကို နူးညံ့ပျော့ပြောင်းလွန်းပါတယ်။ မိခင်ဝမ်းဗိုက်ထဲမှာ ရှိနေစဉ် vernix လို့ခေါ်တဲ့ အရေပြားမျက်နှာပြင်ဟာ သန္ဓေသားကို ရေမြွာရည်နူးခြင်းမှ ကာကွယ်ပေးထားပါတယ်။ မီးဖွားလာတဲ့အခါမှာ vernix ပမာဏများတဲ့ ရင်သွေးငယ်လေးတွေဟာ အရေခွံကွာဖို့ အခွင့်အလမ်း နည်းပါးပါတယ်။

ဘာတွေပဲဖြစ်ဖြစ် ရင်သွေးငယ်လေးတွေ အရေပြားလန်ပြီး အရေခွံကွာတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုသာ ဖြစ်တာကြောင့် မိဘများ စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် ရာသီဥတု အရမ်းအေးလွန်းခြင်း (သို့မဟုတ်) အေးစက်တဲ့နေရာတွေမှာ နေထိုင်ရတဲ့ ရင်သွေးငယ်လေးတွေဟာ ပိုမိုအသားအရေခြောက်သွေ့ကာ အအေးဒဏ်ကိုခံရပြီး နောက်ဆုံး ဖြတ်တောက်ရတဲ့ အဆင့်အထိ ရောက်ရှိသွားနိုင်ပါတယ်။

မွေးကင်းစ ရင်သွေးငယ်လေးများ အရေခွံကွာခြင်း ( အရေပြားလန်ခြင်း ) မှ အကောင်းဆုံး ကာကွယ်နိုင်ဖို့အတွက် အခန်းအပူချိန်ကို လျှော့ချပေးခြင်း ၊ ရင်သွေးငယ်လေးကို ရေနဲ့မကြာခဏ ထိတွေ့ပေးခြင်းမှ ရှောင်ကြဉ်ခြင်း ၊ ရေမြန်မြန်ချိုးပေးခြင်း ၊ ရေချိုးပေးရာမှာလည်း ရေနွေးကို ရှောင်ကြဉ်ခြင်း ၊ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခန်းခြောက်မှုမရှိအောင် ဖန်တီးပေးခြင်းတို့ဖြင့် ပြုလုပ်ပေးနိုင်ပါတယ်။
HYA ( kyarlay )