
တစ်ချို့သောမိခင်တွေဟာ ရင်သွေးငယ်လေးကို မီးဖွားပြီးချိန်မှာ နို့ထွက်အားနည်းတတ်ကြပါတယ်။ ရင်သွေးငယ်ကို နို့ချိုတိုက်ကျွေးရာမှာ လုံလောက်မှုမရှိတာကြောင့် တစ်ခါတစ်ရံမှာ နို့ဗူးကူပြီး တိုက်ရတတ်ပါတယ်။ တကယ်ရော မိခင်တွေ နို့ထွက်နည်းချိန်မှာ နို့ဗူးကူသင့်ရဲ့လား? ဒါဟာ နို့တိုက်မိခင်တွေ မဖြစ်မနေ သိထားသင့်တဲ့ အချက်တစ်ချက်ပါပဲ။
မေမေတို့ရေ။ တကယ်လို့ မိခင်နို့ထွက်နည်းနေတယ်ဆိုရင် နို့ထွက်လိုက်လာစေဖို့သာ ဆောင်ရွက်သင့်ပါတယ်။ နို့ဗူးလုံးဝမကူသင့်ပါဘူး။ နို့ဗူးကူရင် ကလေးက မိခင်နို့ကိုကြိုးစားစို့ယူမှုနည်းသွားပြီး အလွယ်တကူစို့နိုင်တဲ့ နို့ဗူးနဲ့ပဲ နို့ဝတတ်ပါတယ်။ နို့ဗူးဘယ်လောက်ပဲ ကောင်းကောင်း မိခင်နို့ရည်လောက် ရင်သွေးငယ်ကို အာဟာရမပေးနိုင်ပါဘူး။
နို့ဗူးနဲ့တင် ရင်သွေးငယ်လေးဟာ နို့ဝသွားတာကြောင့် မိခင်နို့စို့တာနည်းသွားပြီး နို့ထွက်လည် ပိုနည်းသွားတတ်ပါတယ်။ မိခင်နို့ထွက်လိုက်လာဖို့အတွက်ကတော့ ရေဓာတ်များတဲ့ အစားအစာတွေနဲ့လည်း ကူနိုင်သလို ရေများများသောက်ခြင်း ၊ ဟင်းခါးရည်များများသောက်ခြင်းတို့နဲ့လည်း ပြုလုပ်ပေးနိုင်ပါတယ်။
မိခင်တွေသိထားသင့်တဲ့ အချက်တစ်ခုကတော့ ကလေးနို့များများစို့လေလေ ၊ နို့ထွက်လည်း များလာလေလေ ဆိုတာပါပဲ။ အဲ့ဒါကြောင့် ကလေးဆာတိုင်း မိခင်နို့ကိုပဲ ဘယ်အချိန်ဖြစ်ဖြစ် တိုက်ပေးသင့်ပါတယ်။ အထူးသတိပြုရန်အချက်ကတော့ ကလေး ၆လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ပြီး ရေတောင်တိုက်ပေးဖို့ မသင့်ဘူးဆိုတာပါပဲ။
HYA (kyarlay)