ရင်သွေးငယ်လေးတွေရဲ့ အဓိကကြောက်ရတဲ့ အခြေခံအချက်ကတော့ ခြိမ်းခြောက်ခြင်းကို ခံရတာကြောင့်ပါပဲ။ စစ်တမ်းများအရ ကလေးအသက်၂နှစ်ဝန်းကျင်ခန့်ဝန်းကျင် မိဘအုပ်ထိန်းမှုအောက်မှာပင် ခြိမ်းခြောက်ခံရပါတယ်။ ကလေးထမင်းကျွေးရခက်နေချိန်တွေမှာ ၊ အိပ်ချိန်တန်လို့ မအိပ်တဲ့အခါမျိုးတွေမှာ ၊ ပြောစကားနားမထောင်တဲ့အခါမျိုးတွေမှာ ခြိမ်းခြောက်တတ်ကြပါတယ်။
အဲ့ဒီ့အသက်အရွယ်မှာတင် ခြိမ်ခြောက်ခံရတာ မဟုတ်ပါဘူး။ စကားမပြောတတ်သေးသော လသားအရွယ်မှာတင် ငိုလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခြိမ်းခြောက်တတ်ပါသေးတယ်။ “ဒေဝေါကြီးလာနေပြီနော် ” ကလေးသည် ဒေဝေါဆိုသည်မှာ ဘာမှန်း မသိသော်ငြားလည်း အားရပါးရ ကြောက်ပါလေတော့သည်။ ရံခါ၌ “ အရူးကြီးရေ…လာဖမ်းပါ ” ဟုဆိုကာ ခြောက်လိုက်သေးသည်
လူကြီးများက အဲ့လိုအလွယ်တကူပြုလိုက်ပေမယ့် ကလေးငယ်လေးအတွက်တော့ တစ်သက်တာ အမှတ်တရ ဖြစ်သွားပါတယ်။ အခြောက်လှန့်ခံရတာ များလာတဲ့အခါ ကလေးဟာ အားငယ်တတ်လာတယ်။ မိမိကိုယ်ကို ယုံကြည်မှုနည်းလာတတ်ပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်မချတတ်ဖြစ်လာပြီး အနာဂတ်မှာ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို အလွယ်တကူခံလာရတတ်ပါတယ်။ အားလုံးကို ကြောက်ရသည် ဆိုတဲ့အစွဲကြောင့် မလိုလားအပ်သော ပြဿနာများ ကြုံတွေ့လာတတ်ပါတယ်။
မိဘအုပ်ထိန်းသူတို့က အဲ့လိုမျိုး အကျိုးဆက်ရတတ်တာကို သတိပြုမိခဲပါတယ်။ ကလေးတိုင်း ဖြစ်မယ်လို့ ဆိုလိုတာမဟုတ်ပေမယ့် ကလေးအများစု ကြုံတွေ့နေရပါတယ်။ ကျောင်းသား ကျောင်းသူအရွယ် ကလေးကြီးများလည်း ရံခါ ခြောက်လှန့်ခြင်းခံရပါတယ်။ ငယ်စဉ်က ခြောက်လှန့်ခြင်းခံရသော အကျိုးဆက်ကြောင့် ကြောက်တတ်တာလည်း ရှိတတ်ပါတယ်။
ငယ်စဉ်အချိန် ခြောက်ပြတဲ့ ဒေဝေါတို့ အရူးတို့ဟာ လက်ရှိမှာ အတိတ်ကာလဖြစ်သွားပြီး ပုံပြင်လေးလို ဖြစ်သွားပေမယ့် ကြီးလာတဲ့အခါ အခန်းထဲမှာ တစ်ယောက်တည်း မနေရဲခြင်း ၊ အမှောင်ကိုကြောက်ခြင်း ၊ သန့်စင်ခန်းသို့ တစ်ယောက်တည်းမသွားရဲခြင်း စတဲ့ဆိုးကျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး