ကျွန်တော်တို့လူသားတွေဟာ ဘဲသားကို လွန်ခဲ့တဲ့ နှစ်ပေါင်း၄၀၀၀ကတည်းက စားစရာတစ်ခုအဖြစ် သတ်မှတ်ကာ စတင်စားသုံးခဲ့ကြပါတယ်။ အဓိကစတင်ခဲ့ရာကတော့ တရုတ်ပြည်ယွမ်မင်းဆက် လက်ထက်မှာပါ။ နောက်ပိုင်းမှာတော့ တစ်ကမ္ဘာလုံး တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ပြီး နှစ်ခြိုက်စွာ စားသုံးလာခဲ့ကြပါတယ်။
နေရာဒေသအလိုက် ချက်ပုံချက်နည်း ကွဲပြားခြားနားကြပါတယ်။ အာဟာရဓာတ်တွေ ကြွယ်ဝလှတဲ့ ဘဲသားဟင်းဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း အထူးသင့်လျော်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဘဲသားဟင်း ၂အောင်စခွဲမှာ ပရိုတင်းဓာတ် ၁၈ဂရမ်နီးပါး ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ကောင်းကောင်းကြီး ထောက်ပံ့ပေးနိုင်ပါတယ်။
ဘဲသားမှာ ဇင့်နဲ့သတ္ထုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘဲသားစားသုံးခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ သိုင်းရွိုက်ရောဂါများကိုလည်း တားဆီးကာကွယ် ပေးနိုင်ပါတယ်။
ဘဲသားမှာပါဝင်တဲ့ ဗီတာမင်ဓာတ်တွေဟာ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အာရုံကြောစနစ်ကို အထူးကောင်းမွန်စေတဲ့အပြင် ကလေးအသေမွေးဖွားခြင်း ၊ လမစေ့ပဲမီးဖွားခြင်း စတဲ့ပြဿနာတွေကိုလည်း ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘဲသားစားသုံးခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် တကယ့်ကို အကျိုးများစေပါလိမ့်မယ်။
ဘဲသားကို စားသုံးတဲ့နေရာမှာတော့ လတ်ဆတ်တဲ့ ဘဲကိုရွေးချယ်ကာ သန့်ရှင်းစင်ကြယ်စွာ ကျကျနန ချက်ပြုတ်စားသောက်သင့်ပါတယ်။ အနည်းဆုံး ၁၆၅ ဒီဂရီ ဖာရင်ဟိုက်မှာထားပြီး နူးအိသည်အထိ ချက်ပြုတ်ပေးရပါမယ်။ မကျက်တကျက်အသားကို စားသုံးရင်တော့ ကိုယ်ဝန်ဆောင်မိခင်ရော သန္ဓေသားမှာပါ အန္တရာယ်များလွန်းပါတယ်။
HYA (kyarlay)