မေမေ့ရဲ့ ဝမ်းကြာတိုက်မှာ သားသားတို့ မီးမီးတို့ကို ၉ လလွယ်ထားတဲ့အချိန်မှာ သူတို့နေဖို့အိမ်ကလေး ရှိပြီးသားပါ။ မေမေ့ဗိုက်ထဲမှာ အစားတွေနဲ့ မေမေ့အညစ်အကြေးတွေကြားထဲမှာ နေနေတယ်မထင်နေကြနဲ့နော်။ ကိုယ်ပိုင်အိမ်လေးထဲမှာပါ။ သားအိမ်လို့ခေါ်ပါတယ်။ အဲဒီအိမ်ထဲမှာ မနေဘူးခဲ့တဲ့သူ မရှိပါဘူး။ လူတိုင်း လူတိုင်း ရက်ပေါင်း ၂၈၀ ခန့်နေခဲ့ကြရတဲ့ အိမ်ကလေးပါ။ အိမ်ငှားခလည်း ပေးစရာမလိုခဲ့ပါဘူး။ အဲဒီ အိမ်ကလေးထဲမှာ ကြပ်ကြပ်သပ်သပ်နေရတာမဟုတ်ပါဘူး။ ရေမြွှာရည်တွေရှိတဲ့ ရေအိတ်လေးထဲမှာ လှည့်ပတ်နေရတာပါ။ ရေနေသတ္တဝါလေးပေါ့။ ရေမြွှာရည်ဘယ်ကလာသလဲဆိုတော့ အချင်း၊ ချက်ကြိုးနဲ့ ရေမြွှာအိတ်နံရံတွေက ထွက်ပါတယ်။ ရင်းသွေးလေးများရဲ့ ရှူရှူးတွေလည်းပါတာပေါ့။
ပထမ ၃လမှာ ခြေလက် အင်္ဂါတွေ ဖန်တီးပါတယ်။ ၃လကျော်ရင် ခြေလက်အင်္ဂါ အစုံအလင်ဖြစ်ပါပြီ။ အင်္ဂါအစုံအလင်ရှိတဲ့ လူသေးသေး လေးပေါ့။ အချင်းလည်းပြည့်စုံပါပြီ။ ကျန်တဲ့လတွေမှာတော့ ရေအိတ်ကလေး ထဲမှာ ဆက်လက်ကြီးထွားပါတယ်။ ရေအိတ်ကလေးထဲမှာ ၈ လခွဲ ၉ လလောက်အထိ လှည့်ပတ်ပြီး ဆော့ကစားလို့ရပါတယ်။ ဒီလို ဆော့ကစားဖို့လည်း လုံလောက်တဲ့ အကျယ်အဝန်းလည်းရှိပါတယ်။ ရေအိတ်ထဲမှာနေရတဲ့အတွက် လှည့်ပတ် ဆော့ကစားတဲ့အခါ ဒါမှမဟုတ် မေမေရဲ့လှုပ်ရှားမှုတွေမှာ သားသားတို့ မီးမီးတို့ကို တိုက်ရိုက် မထိခိုက်နိုင်ဘူးပေါ့။ ထူးဆန်းတာက မေမေ့ရဲ့ ဝမ်းကြာတိုက်မှာ နေစဉ်မှာ လေကိုရှူသွင်းတာမဟုတ်ဘဲ ရေအိတ်ထဲက ရေကို ရှူသွင်းနေရတာပါ။ အဆုတ်ထဲမှာ လေတွေ မရှိဘဲ အရည်တွေဘဲရှိနေတာပါ။ မေမေသွေးထဲက အောင်ဆီဂျင်နဲ့ အာဟာရကို အချင်းကနေ ချက်ကြိုးကတဆင့် တိုက်ရိုက်ရနေတဲ့အတွက် အဆုတ်က လေရှူဖို့မလိုသလို ပါးစပ်ကလည်း စားစရာမလိုဘူးပေါ့။ ရေမြွှာအိပ်ထဲက အရည်ကိုတော့ သောက်သလို ရှူးရှူးကိုလည်း ရေမြွှာအိတ်ထဲ ပေါက်ထည့်ပါတယ်။
Ref: မေ့ရင်သွေးမဂ္ဂဇင်း (ဒေါက်တာမြသီတာ၏ဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး