အိပ်ရေးပျက်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်ခြင်း၊ အိပ်ရေးပျက်ခြင်းက ကလေးကို ထိခိုက်စေနိုင်ပါသလား?
ကိုယ်ဝန်ဆောင်မေမေများ ညဘက် ကလေးတိုးလို့ အိပ်ရေးပျက်ကြောင်း၊ ဆီးခဏခဏ ထပေါက်ရပြီး ပြန်အိပ်လို့ မရကြောင်း၊ ခြေသလုံး ကြွက်တက်ခြင်းကြောင့် အိပ်ရေးပျက်ကြောင်း မကြာခဏ ဆရာဝန် ဆရာမများကို ပြောပြလေ့ရှိပါတယ်။ ဒါက ကိုယ်ဝန်ရဲ့သဘာဝ၊ မေမေများခံစားရတဲ့ ဒုက္ခဖြစ်ပါတယ်။ ကျန်မာရေးထိခိုက်လောက်အောင်ဖြစ်လေ့မရှိပါဘူး။ နေ့ဘက် ပြန်အိပ်နိုင်ပါတယ်။
ဒါပေမဲ့ တကယ်လို့များ နေ့ရောညပါ အိပ်မရတာဆိုရင်တော့ မေမေရဲ့ကျန်းမာရေးကို ထိခိုက်နိုင် ပါတယ်။ မေမေ့ကိုထိခိုက်ရာက ရင်သွေးကိုပါ ထိခိုက်နိုင်ပါတယ်။ ကလေးကိုတော့ တိုက်ရိုက် မထိခိုက်ပါ။
အိပ်ပျော်အောင် ဘယ်လိုလုပ်ရမလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ဆေးသောက်တာက အန္တရာယ်ရှိပါသလား?
အန္တရာယ်ရှိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဘာဆေးမှ မသောက်ရတာ အကောင်းဆုံးပါ။
ဖြစ်နိုင်ရင် အိပ်ဆေးသောက်တာထက် အခြားနည်းလမ်းများနဲ့ အိပ်ပျော်အောင် အရင် ကြိုးစားပါ။
အိပ်ရာမဝင်မီ အစားတစ်ခုခု - ဥပမာ နွားနို့ နှင့် မုန့်လေး တစ်ခုခုစားအိပ်ပါ။
အိပ်ရတာအဆင်ပြေအောင် ဖက်လုံး သို့မဟုတ် ခေါင်းအုံးအပိုသုံးပါ။ ဗိုက်ဘက်က ခုပေးဖို့လိုမှာ ဖြစ်သလို နောက်ကျောဘက်ပြန် မလန်သွားအောင် ခံပေးထားဖို့လိုပါတယ်။ ပေါင်ကြားမှာ ဖက်လုံး ခံပေးခြင်းဖြင့်လည်း ခါးမလိမ်အောင် လုပ်ပေးပါ။ ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးပြုလုပ်ထားတဲ့ ဖက်လုံးမျိုးလည်း သုံးနိုင်ပါ တယ်။
စိုးရိမ်စိတ်များရှိနေလျှင် အိပ်မပျော်တတ်ပါ။ သောကကင်းအောင်နေပါ။ အိပ်ယာဝင်မှာ မိမိကိုးကွယ်ရာ ဘုရား ရှစ်ခိုးပါ။ ပုတီးစိတ်တရားမှတ်ခြင်းသည်လည်း စိတ်ကို အေးချမ်းစေပြီး အိပ်ပျော်စေပါတယ်။
ကိုယ်ဝန်မှာလုပ်သင့်တဲ့လေ့ကျင့်ခန်းများလုပ်ပေးခြင်းဖြင့် ပိုပြီးအိပ်ပျော်စေနိုင်ပါတယ်။ ကြွက်တက်ခြင်းကြောင့် အိပ်ရေးပျက်ခြင်း မဖြစ်နိုင်တော့ပါ။
ဒီနည်းတွေနဲ့ ဘယ်လိုမှ အိပ်မရပါဘူးဆိုရင်တော့ ဆေးသောက်ဖို့ လိုပါလိမ့်မယ်။ အန္တရာယ်နည်းတဲ့ ဆေးအချို့ရှိပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပါ။ ကိုယ့်ဘာသာမသောက်ပါနဲ့။
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ပျော်စေတယ်ဆိုတဲ့ ဆေးဖက်ဝင်အပင်ထွက်ပစ္စည်းများ သုံးစွဲခြင်းက အန္တရာယ် ရှိပါသလား?
အိပ်ပျော်စေတယ်ဆိုတဲ့ ဆေးဖက်ဝင်အပင်ထွက်ပစ္စည်းများမှာပါဝင်တဲ့ ဓါတ်၊ သူ့ရဲ့ သဘာဝအာနိသင်၊ ကောင်းကျိုးဆိုးကျိုးများ၊ ပါဝင်တဲ့ပမာဏ စတာတွေသေသေချာချာ သုတေသနပြုထားတယ်၊ တွေ့ရှိချက်တွေ ကလည်း ကလေးအပေါ်ရော အမေ အပေါ်မှာ ဆိုးကျိုးမရှိဘူးဆိုရင်တော့ ကောင်းပါတယ်။ များသောအားဖြင့် ဆေးဖက်ဝင်အပင်ထွက်ပစ္စည်းများကို သေသေချာချာ လေ့လာထားမှုများ မရှိတတ်ပါဘူး။ ကောင်းကျိုးဆိုးကျိုး သက်သေမထူထားတဲ့ ဘယ်အရာကိုမှ ကိုယ်ဝန်မှာမသုံးသင့်ပါဘူး။