ကိုယ်ဝန်သည် ဘာလို့ ဝမ်းချုပ်ရသလဲ…
ကိုယ်ဝန်သန္ဓေတည်ခါစလေး အချိန်အခါမှာ အတွယ်ကလည်း မမြဲသေးတဲ့အချိန်မှာ သန္ဓေသားလေး အတွယ်မြဲစေဖို့ ထွက်တဲ့ ပရိုဂျက်စထရိုဂျင်ဟော်မုန်းဟာ သားအိမ် ကြွက်သားတွေကို ငြိမ်စေရုံမက အစာလမ်းကြောင်း ကြွက်သားတွေကိုပါ ငြိမ်သွားစေတဲ့အတွက် လေတွေပွပြီး ဝမ်းချုပ်တတ်တာပါ။ သားအိမ်ကို ငြိမ်အောင်လုပ်ရင်းနဲ့ အူတွေကိုပါ ငြိမ်သွားစေတော့ ဝမ်းချုပ်တယ်။ လေတွေပွတယ်။ မအီမသာဖြစ်တယ်။ ဝမ်းချုပ်တာဟာ ကိုယ်ဝန်ရဲ့သဘာဝပါ။ ကိုယ်ဝန်စရှိပြီ ရက်လွန်ပြီဆိုတာနဲ့ ဝမ်းချုပ်တာက ဖြစ်ပါတယ်။
ကိုယ်ဝန်မှာ ဝမ်းနှုတ်ဆေးသောက်လို့ရသလား။
ကိုယ်ဝန်မှာ ဝမ်းချုပ်တော့ ဝမ်းနှုတ်ဆေးစားလိုက်ရင်ကောင်းမှာပဲဆိုပြီး ဝမ်းနှုတ်ဆေးပြင်းပြင်းတွေ စားလိုက်မိရင် အဲဒီဝမ်းနှုတ်ဆေးပြင်းပြင်းတွေက ကလေးပျက်တတ်တယ်။ ကိုယ်ဝန်မှာ ဝမ်းနှုတ်ဆေး မသောက်သင့်ပါဘူး။ ဝမ်းပျော့စေရန် အစားနဲ့သာ ထိန်းသင့်ပါတယ်။ အရည် များများသောက်၊ အသီးအနှံများများစားပေးပါ။ အလွန်ဆုံးသောက်ချင်လျှင် Milk of Megnesium (MOM) လို ဝမ်းပျော့ဆေးလောက်သာ သောက်သင့်ပါတယ်။
ဝမ်းချုပ်ခြင်းနှင့် ကိုယ်ဝန်ဆောင်အားဆေး
အချို့သော ကိုယ်ဝန်အားဆေးများမှာပါတဲ့ သတ္တုဓါတ်တချို့ဟာ ကိုယ်ဝန်ဆောင်အချို့ကို ဝမ်းချုပ်စေ ပါတယ်။ အချို့ကိုတော့ မချုပ်စေပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်တာချင်း မတူကြပါဘူး။ ဝမ်းသိပ်ချုပ်ရင် အားဆေးခဏဖြတ်ကြည့်ပါ။ ဆေးကြောင့်ဖြစ်ရင် ဝမ်းက ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်။ ဒါဆိုနောက် အားဆေးတစ်မျိုးပြောင်းသောက်ကြည့်ပါ။
ဝမ်းပျက်ဝမ်းလျောဖြစ်ရင် ကလေးပါပျက်တတ်ပါတယ်…
အစားမှားသွားတယ်။ ပိုးပါတဲ့ဟာ မသန့်တဲ့အစားအသောက်တွေကို စားလိုက်သောက်လိုက်မိရင် အူလမ်းကြောင်းမှာ infection ရသွားတတ်ပါတယ်။ အဲ့ဒီအခါမှာ အူတွေရဲ့ လှုပ်ရှားမှုတွေမြန်လာပြီး ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်တတ်တယ်။ အဲလိုဝမ်းပျက်ဝမ်းလျောဖြစ်ရင် ကလေးပါ ပျက်တတ်တယ်။ အဲဒါကြောင့် ကြိုက်တာစားလို့ရတယ်ဆိုပေမဲ့ စားတဲ့ဟာသည် သန့်ရှင်းလတ်ဆတ်ပူနွေးရမယ်။ ဝမ်းမပျက်စေရဘူး။