ကိုယ်ဝန်စရှိပြီဆိုတာနဲ့ မအီမသာဖြစ်ခြင်း၊ ကတုံကယင်ဖြစ်ခြင်း၊ ရုတ်တရက်ထလိုက်ရင် မိုက်ကနဲဖြစ်ခြင်း၊ တခါတလေ မူးလဲသွားခြင်း-စတာတွေဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ရှိလာတဲ့အခါ သားအိမ်ကတဆင့် ကလေးဆီ သွေးသွားသွေးလာကောင်းစေဖို့ သဘာဝက မိခင်ရဲ့သွေးပေါင်ချိန်ကို လျှောချပေးပါတယ်။ ဒါကြောင့် နဂိုက သွေးပေါင်ချိန် ၁၂၀/၈၀ မီလီမီတာ (ပြဒါး) ရှိတဲ့သူဟာ ကိုယ်ဝန်စရှိတဲ့အချိန်မှာ ၉၀/၆၀ မီလီမီတာ (ပြဒါး) ဘဲ ရှိတဲ့အတွက် ရုတ်တရက် ထလိုက်ရင် ဒီထက်ပိုပြီးသွေးပေါင်ကျသွားတဲ့အခါ မိုက်ကနဲ ဖြစ်ခြင်း၊ မူးလဲခြင်းများ ဖြစ်တာပါ။
လိုက်နာဆောင်ရွက်ရန်
ကိုယ်ဝန်ရစမှာ သွေးပေါင်ကျတတ်တယ်ဆိုတာသိထားပြီး အထိုင်အထ ဆင်ခြင်ဖို့ဘဲ လိုပါတယ်။ မလိုအပ်ဘဲ ဆေးပုလင်းကြီးသွင်းခြင်း၊ အားဆေးသွင်းခြင်းများမလုပ်သင့်ပါဘူး။ ကိုယ်ဝန် ရှိစ သွေးပေါင်ကျခြင်းဟာ ကောင်းသော ကျခြင်းပါ။ ဆေးကုရန်မလိုပါ။ ကြာရှည်ရပ်နေခြင်းကို ရှောင်ပါ။
ကိုယ်ဝန်ရစမှာ သွေးပေါင်ချိန် ၁၂၀/၈၀ မီလီမီတာ (ပြဒါး) ရှိတဲ့သူဟာ ကိုယ်ဝန်မရှိခင် သွေးတိုးရှိနေတဲ့သူဖြစ်ပြီး ကိုယ်ဝန် ၅လကျော်လာတဲ့အခါမှာ သွေးပေါင်ချိန် ပြန်တက်လာတတ် ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တာ ဝင်လာတတ်ပါတယ်။
ဒီလိုလူမျိုးကတော့ သေသေချာချာ စောင့်ရှောက်မှုခံယူသင့်ပါတယ်။ အန္တရာယ်ရှိတဲ့ မိခင်စာရင်းမှာပါပါတယ်။