![Rjheafupxxvrhzjalyma](https://res.cloudinary.com/tech-myanmar/image/upload/f_auto,q_auto/v1587363060/rjheafupxxvrhzjalyma.jpg)
ဆေးလိပ်သောက်ခြင်းဟာ ဖေဖေမှာ သုတ်ပိုးထုတ်မှုအားကို ကျစေတဲ့အပြင် သုတ်ပိုးရဲ့ မျိုးအောင်နိုင်တဲ့ စွမ်းရည်ကို ကျစေပါတယ်။ မေမေရဲ့ သားဥလေးဖွံ့ဖြိုးမှု အဆင့်ဆင့်အပေါ်မှာလည်း ထိခိုက်စေနိုင်ပါတယ်။ မျိုးအောင်သွားပြီးရင်လည်း ဆေးလိပ်သောက်ခြင်းကြောင့် သားအိမ်နံရံရဲ့ သားလောင်းလေးကို လက်ခံနိုင်စွမ်းကျပြီး ကိုယ်ဝန်ရဖို့ ခက်ခဲစေပါတယ်။ ဒါကြောင့် သားသမီးယူဖို့ ကြိုးစားနေတဲ့ ဇနီးမောင်နှံနှစ်ယောက်စလုံးဟာ ဆေးလိပ်လုံးဝ မသောက်သင့်ပါဘူး။
ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်းဟာလည်း သားပျက်သားလျော ဖြစ်စေတတ်ပါတယ်။ ဆေးလိပ်များများသောက်လေ ပျက်ကျဖို့ များလေဖြစ်ပါတယ်။ ကိုယ်တိုင်ဆေးလိပ် မသောက်သော် လည်း ခင်ပွန်း သို့မဟုတ် အခြားအတူနေ တစ်ဦးတစ်ယောက်ကသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူရခြင်းကလည်း သားပျက်ခြင်းကို ဆေးလိပ်ငွေ့ မရှူရတဲ့သူထက် ၁၁% ပိုများစေပါတယ်။
လနုစဉ် ဆေးလိပ်သောက်ခြင်းဟာ ရင်သွေးလေးရဲ့ ကိုယ်လက်အင်္ဂါ ချို့ယွင်းမှုကို ဖြစ်စေတတ်ပါတယ်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲများဖြစ်စေတတ်ပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့် ထွက်လာတဲ့ ကာဗွန်မိုနှောက်ဆိုဒ်ကြောင့် ရင်သွေးလေး အောက်ဆီဂျင်ရရှိမှု နည်းစေတတ်ပါတယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓါတ်ဟာ အချင်းကို သွားတဲ့ သွေးကြော များကို ကျုံ့စေတဲ့အတွက် ရင်သွေးလေးဆီကို အောက်ဆီဂျင်နဲ့ အာဟာရ ရရှိမှုကို လျော့နည်းစေတတ်တဲ့အတွက် ကလေးရဲ့ ကြီးထွားမှုကို ထိခိုက်စေတတ်ပါတယ်။
နီကိုတင်းဓါတ်ဟာ အချင်းကို ဖြတ်ပြီး ကလေးရဲ့ နှလုံးနှင့် သွေးကြောများ၊ ဦးနှောက်နဲ့ အာရုံကြောများကို ထိခိုက်စေတတ်ပါတယ်။ ဆေးလိပ်မှာပါတဲ့ အခြားဓါတ်များဖြစ်တဲ့ cadmium and tolueneတို့ကလည်း ရင်သွေးလေးကို ကြီးထွားမှု နှေးကွေးပြီး သေးငယ်စေတတ်ပါတယ်။
ဒါကြောင့်မို့ ဆေးလိပ်သောက်တဲ့မိခင်များဟာ ပေါင်မပြည့်တဲ့ ကလေးများ မွေးတတ်ပါတယ်။
လမစေ့ဘဲလည်း မွေးတတ်ပါတယ်။
မမွေးမှီ ဗိုက်ထဲမှာ ကလေးသေတတ်ပါတယ်။
မမွေးမှီ အချင်း ကွာပြီး သွေးသွန်ခြင်းလည်း ဖြစ်တတ်ပါတယ်။
မွေးပြီး ကလေးနို့ တိုက်ရာမှာလည်းအခက်အခဲ ဖြစ်စေ တတ်ပါတယ်။
Sudden Infant Death Syndrome (SIDS) လို့ ခေါ်တဲ့ အကြောင်းရှာ မရဘဲ ရုတ်တရက် ကလေးသေဆုံးခြင်းများလည်း ပိုဖြစ်တတ်ပါ တယ်။
ရင်သွေးလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောများကို ထိခိုက်တတ်တဲ့အတွက် စကားပြောရာမှာ အခက်အခဲများ ဖြစ်ခြင်း၊ အအိပ်အနေ နည်းပါးခြင်း၊ မှတ်ဉာဏ် နည်းပါးခြင်းများဖြစ်တတ်ပါတယ်။
အကြား အာရုံချို့ယွင်းခြင်း၊ ကြွက်သားများတုံခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း- စတာတွေဖြစ်တတ်ပါတယ်။
ဒေါသထွက်လွယ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အမြဲဆန့်ကျင်နေတတ်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒီ ပုံမမှန်တဲ့အပြု အမူတွေဟာ လူကြီးဘဝအထိ ရှိသွားတတ်ပါတယ်။ ဆေးစွဲခြင်း၊ စိတ်ဓါတ်ကျခြင်း စတာတွေလည်း ဖြစ်တတ်ပါတယ်။
သားသားမီးမီးတို့ တစ်သက်တာအရေးအတွက် မေမေတို့ ဖေဖေတို့ ဆေးလိပ် လုံးဝမသောက်ကြပါနဲ့နော်။ အတူနေ ဖိုးဖိုးဖွားဖွား နဲ့ မိသားစုဝင်များလည်း မသောက်ကြပါနဲ့နော်။