![Mta6ahgco3pjiu0jbcb0](https://res.cloudinary.com/tech-myanmar/image/upload/f_auto,q_auto/v1587364409/mta6ahgco3pjiu0jbcb0.jpg)
ရာဇဝင်ယူပြီးလျှင် မိခင်ရဲ့ ကျန်းမာရေးအခြေအနေများကို စမ်းသပ်မှုများပြုလုပ်ပေးပါလိမ့်မည်။ မိမိက ခံစားရချက်များမရှိသော်လည်း တစ်စုံတရာရောဂါခံရှိနေနိုင်ပါတယ်။ ရောဂါခံရှိလျှင် ဖော်ထုတ်ပြီး ကုသမှုများ၊ လိုအပ်ပါက ဆက်လက်ကုသမှုခံယူနိုင်ရန် လွဲပြောင်းမှုများ ပြုလုပ်ပေးနိုင်ရန် ဖြစ်ပါတယ်။
တိုင်းတာခြင်းများ
-မိခင်၏အရပ်၊ ကိုယ်အလေးချိန်များကို တိုင်းရပါမယ်။ သိပ်ဝသောသူများ၊ သိပ်ပိန်သော ကိုယ်ဝန်ဆောင်များသည် အထူးဂရုစိုက်ရမည့် အုပ်စုတွင်ပါပါသည်။
-သွေးအားနည်းခြင်း ဖြူဖျော့နေခြင်း ရှိ၊မရှိကိုလည်း မှတ်တမ်တင်ရမှာဖြစ်ပါတယ်။
-လာပြသော အကြိမ်တိုင်းတွင် သွေးပေါင်ချိန် တိုင်းရပါမယ်။ ကိုယ်ဝန်ပထမ ၃လမှာ သွေးပေါင်ကျနေခြင်းသည် ကိုယ်ဝန်၏သဘာဝပြောင်းလဲမှုသာ ဖြစ်ပါတယ်။ ပထမ ၃လမှာကတည်းက သွေးပေါင်တိုးနေရင်၊ သွေးပေါင်မကျရင် ကိုယ်ဝန်မရှိခင်ကတည်းက သွေးတိုးရှိတာ ဖြစ်နိုင်ပါသည်။ ထိုသူမျိုးသည် ကိုယ်ဝန် ၅ လ နောက်ပိုင်းတွင် သွေးတိုး လာနိုင်ပါတယ်။ ကိုယ်ဝန်ဆိပ် တက်တာလည်း ဖြစ်လာနိုင်ပါတယ်။
သွေးဆီးစစ်ဆေးမှုများ၊
မိခင်ရဲ့ သွေးအားအနည်း၊အများ၊ အေ၊ဘီ၊အို သွေးအုပ်စုအမျိုးအစား၊ Rh ခေါ်တဲ့ အုပ်စုခွဲခြင်း၊ ကလေးကို ကူးစက်နိုင်တဲ့ရောဂါတွေ ဥပမာ HIV, အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး၊ ကာလသားရောဂါတွေ ရှိ၊မရှိ စစ်ဆေးခြင်းရပါမယ်။
ဆီးလမ်းကြောင်းပိုး ရှိ၊မရှိ စစ်ဆေးထားဖို့ လိုပါတယ်။
လိုအပ်တဲ့ပြုပြင်စရာများကို ပြုပြင်ထားရပါမယ်။ ဥပမာ- သွေးအားနည်းနေရင် သွေးအားတိုးစေမဲ့ အစားအစာများစားခြင်း၊ သွေးအားတိုးဆေး သောက်စေခြင်းဖြင့် ပြုပြင်ရမှာဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးရှိခဲ့ရင် လိုအပ်တဲ့စစ်ဆေးမှုတွေထပ်လုပ်ခြင်းနှင့် သင့်တော်သော ပဋိဇီဝဆေးများသောက်စေခြင်းဖြင့် ဆီးလမ်းကြောင်းပိုးကြောင့် ဖြစ်နိုင်သော နောက်ဆက်တွဲ ပြသနာများ ဥပမာ မိခင်ဖျားခြင်း၊ ကျောက်ကပ်ယောင်ခြင်း၊ လမစေ့ဘဲ မွေးခြင်း များကို ကာကွယ်နိုင်ပါတယ်။
အာထရာဆောင်ရိုက်ခြင်းများ
ပထမ ၃လမှာရိုက်တဲ့ အာထရာဆောင်ကတော့ ကိုယ်ဝန်သေချာအောင်ရိုက်တာရယ်၊ မွေးမဲ့ရက် ခန့်မှန်းဖို့ အတွက်ပါ။ ရာသီရက်မသိတဲ့သူတွေအတွက် ပိုအရေးကြီးပါတယ်။ စောစောရိုက်လေ ပိုတိကျလေပါဘဲ။ ကိုယ်ဝန်နုစမှာ သွေးဆင်းတဲ့မေမေတွေအတွက် ကလေးကောင်းရဲ့လား၊ ဆက်လက်ကြီးထွားရဲ့လား၊ နှလုံးခုန်သေးရဲ့လား သိရအောင်လည်း ရိုက်ရပါတယ်။ ကလေး နှလုံး ခုန်တာကိုတော့ ၆ပတ်သားလောက်မှစသိပါတယ်။ ကိုယ်ဝန်နုစမှာဗိုက်နာတဲ့မေမေတွေအတွက် ရင်သွေးလေး ဝမ်းကြာတိုက်ထဲမှာမှ ရှိရဲ့လား၊ သားအိမ်ပြင်ပရောက်နေလားသိဖို့ ရိုက်ရပြန်ပါတယ်။