ဖောလစ်အက်ဆစ်
ရင်သွေးလေး ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးရာမှာ လမ်းမလွဲစေဖို့ ဖောလစ်အက်ဆစ် ဆေးပြားကို ကိုယ်ဝန် ပထမ ၃လမှာ တစ်နေ့တစ်ပြား (၅ မီလီ ဂရမ်) ဝင်အောင်သောက်ဖို့ အရေးကြီးပါတယ်။
အအန်ပျောက်ဆေး
ဗိုက်ကြီးနာစွဲလို့ အစားမဝင်ရင် အအန်ပျောက်ဆေးလေး ဗီတာမင် ဘီ ဆစ် (Vitamin B6) နဲ့ လိုအပ်ရင် အခြားအအန်ပျောက်ဆေး နိုဆစ် စတာတွေ သောက်လို့ရပါတယ်။
ကိုယ်ဝန်အားဆေး
ကိုယ်လက်ခံနိုင်မှ ကိုယ်ဝန်အားဆေးသောက်ပါ။ ဗီတာမင် အမျိုးအမည် များများပါသော် လည်း တစ်မျိုးချင်းစီမှာ ပမာဏနည်းနည်းသာပါတဲ့ ကိုယ်ဝန်အားဆေးမျိုးကိုသာသောက်ပါ။ လက်ခံနိုင်လို့ သောက်ရင်လည်း တစ်နေ့တစ်လုံးဘဲ သောက်ပါ။ ပိုမသောက်သင့်ပါဘူး။ တချို့ ဗီတာမင်က များသွားရင် ကလေးရဲ့ဖွံ့ဖြိုးမှုကို ထိခိုက်တာရှိတတ်ပါတယ်။ ဥပမာ ဗီတာမင် အေ ၇၀၀ မီလီဂရမ်ထက်များပြီးပါတဲ့ဆေးမျိုးဟာ ကလေးရဲ့ဦးနှောက်နဲ့ အာရုံကြောများကို ထိခိုက်တတ်ပါတယ်။ မသောက်သင့်ပါဘူး။ သံဓါတ်ပါတဲ့ဆေးအချို့ဟာလည်း ဝမ်းချုပ်စေခြင်း၊ ဝမ်းပျော့စေခြင်းများဖြစ်စေပြီး ဗိုက်ကြီးနာစွဲတာကို ပိုဆိုးစေတတ်ပါတယ်။ ဗီတာမင်နဲ့ သံဓါတ်ချို့တဲ့သော လက္ခဏာတွေမရှိရင် အကောင်းဆုံးက အစားဝင်အောင် ကြိုးစားစားပြီး၊ ဗိုက်ကြီးနာစွဲတာ သက်သာလာတဲ့အချိန်၊ ရင်သွေးလေး ခြေလက်အင်္ဂါဖန်တီးလို့ပြီးတဲ့အချိန်ကျမှ ကိုယ်ဝန်အားဆေးကို စသောက်နိုင်ပါတယ်။
ဝမ်းနှုတ်ဆေး
ကိုယ်ဝန်ဆောင်စဉ်မှာ ဝမ်းနှုတ်ဆေးမသောက်သင့်ပါ။ ဝမ်းပျော့ဆေး Milk of Megnesium (MOM) ကိုသောက်နိုင်ပါသည်။
အိပ်ဆေး
အန္တရာယ်ရှိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဘာဆေးမှ မသောက်ရတာ အကောင်းဆုံးပါ။ ဖြစ်နိုင်ရင် အိပ်ဆေးသောက်တာထက် အခြားနည်းလမ်းများနဲ့ အိပ်ပျော်အောင် အရင်ကြိုးစားပါ။ ဒီနည်းတွေနဲ့ ဘယ်လိုမှ အိပ်မရပါဘူးဆိုရင်တော့ ဆေးသောက်ဖို့လိုပါလိမ့်မယ်။ အန္တရာယ်နည်းတဲ့ဆေးအချို့ ရှိပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပါ။ ကိုယ့်ဘာသာ မသောက်ပါနဲ့။
အခြားဆေးများ
နေထိုင်မကောင်းသဖြင့် အခြားဆေးများသောက်ရန်လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်ပါ။ ကိုယ်ဝန်ရှိကြောင်းပြောပြပါ။ Burmeton နှင့် Paracetamol ကို လိုရင်သောက်နိုင်ပါသည်။