လနုစဉ် သွေးဆင်းရတဲ့ ဒုတိယအကြောင်းရင်းကတော့ သားအိမ်ပြင်ပမှာ သန္ဓေတည်ခြင်း ဖြစ်ပါတယ်။
သားအိမ်ပြင်ပမှာ သန္ဓေတည်ခြင်းထဲမှာ သားဥပြွန်မှာတည်တာ အများဆုံးပါဘဲ။ ပုံမှန်အားဖြင့် မျိုးအောင်ပြီသား သန္ဓေသားလေးဟာ သားအိမ်အတွင်းပြန်ဝင်လာပြီး သားအိမ်နံရံမှာ တွယ်ရပါတယ်။
အရင်က သားအိမ်နဲ့ သားဥပြွန်များ ပိုးဝင်ပြီးရောင်ယမ်းခဲ့ဘူးရင် ဥပြွန်လမ်းကြောင်း မှာ အမာရွတ် ကျန်ခဲ့ပြီး သားဥပြွန်လမ်းကြောင်း ၂ဘက်လုံး ပိတ်သွားခဲ့ရင်တော့ သုတ်ပိုးလေးနဲ့သားဥတို့ မတွေ့နိုင်တော့ တဲ့ အတွက် သားသမီးမရနိုင်တော့ ပါဘူး။ ကျဉ်းသွားတာလောက်ဆိုရင် သုတ်ပိုးလေးနဲ့ သားဥတို့တွေ့နိုင်ပေမဲ့ မျိုးအောင်ပြီးသား သန္ဓေသားလေး သားအိမ်ထဲ ပြန်အဝင်မှာ ဥပြွန်ထဲမှာ တစ်နေပြီး ဥပြွန်ထဲမှာ သန္ဓေတည်ခြင်း ဖြစ်ပါတယ်။
ဥပြွန်လေးက ကျဉ်းပြီး နံရံပါးပါးလေးဖြစ်တဲ့အတွက် ရက်အနည်းငယ် သို့မဟုတ် သီတင်းပတ် အနည်းငယ် အတွင်းမှာ ဥပြွန်လေး ဖေါင်းကားလာရာက ရုတ်တရက် ပေါက်ထွက်သွားပြီး ဗိုက်ထဲမှာ သွေးယို ထွက်တတ်ပါတယ်။ အဲ့ဒီ အချိန်မှာ ရုတ်တရက် ပြင်းထန်စွာ ဗိုက်နာပြီး သွေးပေါင်ချိန်ကျပြီး ရှောခ်ရတတ်ပါတယ်။ အသက်အန္တရာယ်အထိ ရှိနိုင်ပါတယ်။ သားအိမ်ပြင်ပ သန္ဓေတည်တဲ့ လူနာမှာ ဆီးစစ်ရင် ကိုယ်ဝန်ရှိတဲ့ လက္ခဏာရှိပြီး အာထရာဆောင်း ရိုက်တဲ့အခါမှာ သားအိမ်အတွင်းမှာ သန္ဓေသားကို မတွေ့ရပါဘူး။ မျိုးဆက်ပွားနိုင်တဲ့ အသက်မှာရှိတဲ့ အမျိုးသမီး တစ်ယောက်ဟာ ရုတ်တရက် ပြင်းထန်စွာ ဗိုက်နာပြီဆိုရင် သားဥပြွန်မှာ သန္ဓေတည်ခြင်းကို စိတ်ပူကြရပါမယ်။ ဘာကြောင့်လဲဆိုတော့ အချိန်မှီ သွေးသွင်းခြင်း၊ ခွဲစိတ် ကုသခြင်း မလုပ်နိုင်ရင် သေစေနိုင်တာကြောင့်ဖြစ်ပါတယ်။ မေမေများ သတိထား နိုင်ကြပါစေ။