ကိုယ်ဝန် ၁၂-၁၃ ပတ်လောက်အထိ ခံစားရနိုင်ပါတယ်။ အဲ့ဒီ ကာလကို ကျော်သွားရင် အလိုလို ခံတွင်း ကောင်းလာမှာပါ။
ဘယ်လို နေထိုင်စားသောက်ရမလဲ။
လက်ခံနိုင်တဲ့ အစားအစာများကို စားပေးဖို့လိုပါတယ်။ ခံတွင်းလိုက်တာ စားနိုင်တယ် ဆိုပေမဲ့ သန့်ရှင်း လတ်ဆတ်ဖို့၊ ပူနွေးဖို့ လိုပါတယ်။ ပူလွန်း၊ ချဉ်လွန်း၊ စပ်လွန်းတာတွေကိုတော့ ရှောင်သင့်ပါတယ်။ အန်ရင်တော့ အအန်ပျောက်ဆေး ဥပမာ ဗီတာမင် ဘီ စစ် (Vitamin B6) သို့မဟုတ် နိုဆစ် (Nosic) ဆေးပြားလေးများသောက်ပြီး အစာရေစာ ဝင်အောင် စားဖို့လိုပါတယ်။ မသန့်ရှင်းတဲ့ အစားအစာ၊ ယင်ကောင်နားထားတဲ့ အစားအစာစားမိရင် ဝမ်းပျက်တတ်ပါတယ်။ ဝမ်းပျက်ရင် ကလေးပါ ပျက်တတ်ပါတယ်။ မိခင်ကလည်း ဆေးတွေ သောက်ရမယ်ဆိုရင် ကလေးရဲ့ ခြေလက်အင်္ဂါဖွံ့ဖြိုးမှုကို ထိခိုက်မှာ စိုးရိမ်ရပါတယ်။ အန်သော်လည်း အစားဝင်သင့်သလောက်ဝင်နေရင် ဆီးလည်း ပုံမှန်သွားနေပါလိမ့်မယ်။