ကိုယ်ဝန်စရှိပြီဆိုတာနှင့် ရာသီလာရမဲ့အစား အဖြူဆင်းတယ်လို့ပြောလေ့ရှိပါတယ်။ ကိုယ်ဝန်ရဲ့ ဟော်မုန်းအပြောင်းအလဲများနှင့် သားအိမ်ကို သွေးသွားသွေးလာများလာတဲ့အတွက် အဖြူဆင်းတာ များလာရခြင်းဖြစ်ပါတယ်။ ကိုယ်ဝန်တစ်လျှောက်လုံးမှာလည်း အဖြူဆင်းတာ များတတ်ပါတယ်။ မွေးခါနီးမှာ ပိုဆင်းတတ်ပါတယ်။ ပုံမှန်အားဖြင့် ယားခြင်း၊ နံခြင်း၊ ဆီးကျင်ခြင်းများနှင့်တွဲလေ့မရှိပါ။ မကြာခဏ သန့်ရှင်းပေးဖို့လိုပါတယ်။ မိမိသဘောနှင့် ပဋ္ဋိဇီဝ ဘက်တီးရီးယားများကိုသေစေသော ပိုးသတ်ဆေးများသောက်ပါက မိန်းမကိုယ်အတွင်းရှိ ဘက်တီးရီးယားများသေကုန်သဖြင့် မက်ခရုခေါ် မှိုပိုး (Candidiasis) များပွားများလာနိုင်ပြီး အဖြူအဖတ်မျာဖြစ်လာပြီး ယားလာပါလိမ့်မည်။ယားခြင်း၊ နံခြင်းများဖြစ်လျှင် ပိုးဝင်ခြင်းဖြစ်လို့ ဆေးကုဖို့ လိုပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုပေးသူကို ပြောပြပါ။ ကုသမှုခံယူပါ။
အဖြူဆင်းခြင်းနှင့် မိန်းမကိုယ်ယားခြင်း
အဖြူဆင်းခြင်းအပြင် မိန်းမကိုယ်ယားခြင်းရှိပါက ပုံမှန် မဟုတ်တော့ပါ။ ဖြစ်ရသောအကြောင်းရင်း ၂ခုရှိပါသည်။
၁။ မက်ခရုခေါ် မှိုပိုးဝင်ခြင်း
ကိုယ်ဝန်ဆောင်ကာလတွင် မက်ခရုခေါ် မှိုပိုး (Candidiasis) ဝင်လွယ်ပါသည်။ နို့ဖတ်များကဲ့သို့ အဖြူအဖတ်များ ဆင်းပြီး အလွန်ယားပါသည်။ ပဋ္ဋိဇီဝ ဘက်တီးရီးယားများကိုသေစေသော ပိုးသတ်ဆေးများ သောက်လျှင်လည်း မိန်းမကိုယ်အတွင်းရှိ ဘက်တီးရီးယားများသေကုန်သဖြင့် မက်ခရုခေါ် မှိုပိုး (Candidiasis) များ ပွားများလာနိုင်ပါသည်။ ဆီးချိုရှိလျှင် ပိုဆိုးတတ်ပါသည်။ မကြာခဏ ပြန်ပြန်ဖြစ်တတ်ပါသည်။ ကိုယ်ခံအား ကျနေသောသူများ HIV လူနာများတွင်လည်း ဖြစ်တတ်ပါသည်။ ဆေးကုသမှု ထိထိရောက်ရောက်မခံယူထားပါက မွေးဖွားလာသော ရင်သွေးလေးတွင်လည်း ပါးစပ်နှင့်လျှာများတွင် မက်ခရုပေါက်တတ်ပါသည်။ လိင်ဆက်ဆံခြင်းမှ ကူးစက်သောရောဂါ မဟုတ်ပါ။ ကျန်းမာရေး စောင့်ရှောက်မှုပေးသူကို ပြောပြပါ။ ကုသမှုခံယူပါ။
၂။ Trichomoniasis ခေါ် အဖြူဆင်းပြီးမိန်းမကိုယ်ယားခြင်း
Trichomonas vaginalis ခေါ် ပိုးတစ်မျိုးကြောင့်ဖြစ်သည်။ လိင်ဆက်ဆံခြင်းမှ ကူးဆက်နိုင်ပါသည်။ ဆင်းသောအဖြူသည် အရည်ဖြစ်ပြီး အနံ့အသက်ရှိပါသည်။ အလွန်ယားပါသည်။ လမစေ့ဘဲ ရေမြွှာရည်ပေါက်ခြင်း၊ လမစေ့ဘဲမွေးခြင်းများ ဖြစ်တတ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ပြောပြပါ။ ကုသမှုခံယူပါ။
၃။ ယားခြင်းမရှိဘဲ အနံ့အသက်ရှိသောအဖြူများဆင်းခြင်း
တချို့တွင် ယားခြင်းမရှိဘဲ အနံ့အသက်ရှိသောအဖြူများဆင်းတတ်ပါသည်။ အခြားသူထံမှ ကူစက်သောရောဂါမဟုတ်ဘဲ မိမိမိန်းမကိုယ်အတွင်း သဘာဝအတိုင်း အတူတကွ ရှိနေသော ပိုးများအနက် ကောင်းကျိုးပေးသောပိုးများ ပျောက်သွားပြီး၊ ပုံမှန်အားဖြင့် အနည်းငယ်သာရှိသင့်သော ပိုးအချို့ကြောင့် အဖြူအဆင်းများပြီး အနံ့ဆိုးခြင်းဖြစ်ပါသည်။ ထိုသို့ဖြစ်ခြင်းသည်လည်း လမစေ့ဘဲ ရေမြွှာရည်ပေါက်ခြင်း၊ လမစေ့ဘဲမွေးခြင်းများ ဖြစ်တတ်ပါသည်။ ကျန်းမာရေး စောင့်ရှောက်မှုပေးသူကို ပြောပြပါ။ ကုသမှုခံယူပါ။
၄။အဖြူဆင်းပြီး ဆီးစသွားစတွင် နာကျင်ခြင်း
လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်သော ဂနိုရီယား (Gonorrhoea) ရောဂါနှင့် ကလယ်မိုင်ဒီးယား (Chlamydia) ရောဂါများကြောင့် ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ခြင်းသည်လည်း လမစေ့ဘဲ ရေမြွှာရည်ပေါက်ခြင်း၊ လမစေ့ဘဲမွေးခြင်းများ ဖြစ်တတ်ပါသည်။ မွေးဖွားစဉ် ရင်သွေးလေးထံ ကူးစက်နိုင်ပြီး အဆုတ်ယောင်ခြင်း၊ မျက်စေ့နာခြင်းများဖြစ်တတ်ပါသည်။ အမြင်အာရုံ ချို့ယွင်းသွားသည် အထိဖြစ်နိုင်ပါသည်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးသူကို ပြောပြပါ။ ကုသမှုခံယူပါ။ ကိုယ်ဝန်ဆောင်ကာလ လိင်ဆက်ဆံလျှင် ကွန်ဒုံးခေါ် အစွပ်သုံးပြီး ကာကွယ်ပါ။