ဖေဖေ၊ မေမေတို့ရေ တီဘီရောဂါဆိုတာ လူကြီးလူငယ်အားလုံးအပေါ် ခြိမ်းခြောက်နေတဲ့ ရောဂါတစ်ခုပါပဲ။ လူကြီးတွေရောဂါခံစားရတဲ့အခါ ခံစားရခက်သလို ဘေဘီလေးတွေမှာ ခံစားရရင်တော့ ပိုပြီးတော့တောင်ဝေဒနာတွေကို ခံစားနေရမှာပါနော်။ အဲ့ဒီအတွက် ဖေဖေ၊ မေမေတွေအားလုံးက ရင်သွေးငယ်လေးတွေ တီဘီရောဂါဝေဒနာမခံစားရစေဖို့အတွက် ကာကွယ်ပေးဖို့လိုအပ်ပါတယ်။ ကလေးငယ်တွေနဲ့ တီဘီရောဂါကာကွယ်ပေးနိုင်ဖို့နည်းလမ်းတွေကို ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ လက်စွဲစာအုပ်လေးမှာပါရှိတဲ့အတိုင်း ကျားလေးက ပြန်ပြီးမျှဝေပေးမယ်နော်။
တီဘီရောဂါကာကွယ်ဖို့အတွက် ရင်သွေးငယ်လေးတွေကို မွေးပြီးပြီးချင်း ဘီစီဂျီကာကွယ်ဆေးကို စောနိုင်သမျှအစောဆုံးထိုးပေးဖို့လိုအပ်ပါတယ်။ မွေးစမှာမထိုးနှံနိုင်ဘူးဆိုရင်တော့ အသက် (၂) လမှာ မဖြစ်မနေထိုးပေးဖို့လိုအပ်ပါတယ်။ ကလေးအသက် (၁၂) လမတိုင်မီမှာ ဘီစီဂျီကာကွယ်ဆေးကို တစ်ကြိမ်တော့ ထိုးနှံပေးရမှာပါနော်။
တီဘီရောဂါက အများအားဖြင့် အဆုတ်ကိုထိခိုက်စေပြီး အဲ့ဒီကမှပြင်းထန်သွားပြီဆိုရင်တော့ ဦးနှောက်၊ အရိုးနဲ့ အဆစ်အပါအဝင် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ နောက်ပြီး တီဘီရောဂါက လေထဲကတဆင့် ကူးစက်ပျံ့ပွားနိုင်တာဖြစ်လို့ သားသားမီးမီးလေးတွေကို ဂရုတစိုက်နဲ့ ထားရှိဖို့လည်း လိုအပ်ပါတယ်နော်။
ဖေဖေ၊ မေမေတို့ရေ ရင်သွေးငယ်လေးတွေမှာ တီဘီရောဂါခံစားရပြီဆိုရင် အားအင်ကုန်ခမ်းမောပန်းလွယ်ပြီး ကစားလိုစိတ်လည်းရှိတော့မှာ မဟုတ်ပါဘူး။ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုလည်း ရပ်တန့်နေပြီး အဖျားတက်တာ၊ ညဘက်ချွေးထွက်တာတွေလည်း ဖြစ်တတ်ပါတယ်နာ်။
ရင်သွေးငယ်တွေမှာ အရိုးအဆစ်တီဘီရောဂါဖြစ်ပွားမယ်ဆိုရင်တော့ တင်ပဆုံရိုး၊ ဒူးနဲ့ ကျောရိုးတို့မှာ ရောင်တာ၊ နာတာတွေဖြစ်ပွားနိုင်ပါတယ်။ နောက်ပြီး မသန်စွမ်းတာ၊ လမ်းမလျှောက်နိုင်တာတွေလည်းဖြစ်ပွားနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း ရင်သွေးငယ်လေးတွေ တီဘီရောဂါမခံစားရစေဖို့ မိသားစုဝင်တွေအားလုံးက ဂရုစိုက်စောင့်ရှောက်သင့်ပါတယ်နော်။ ကုသလို့ရတဲ့ရောဂါဆိုပေမယ့် ဝေဒနာတွေမခံစားရစေဖို့ ရောဂါကာကွယ်ဆေးကို အချိန်မှန်ထိုးနှံပေးဖို့အတွက် ကျားလေးက အကြံပြုအပ်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး