ကိုယ်ဝန် ရှိ၊ မရှို စစ်ဆေးမှု အဖြေမှားယွင်းတာကလည်း အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက် စိုးရိမ်ရတဲ့ အကြောင်းတရားတစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ဟာ သူမရာသီပုံမှန်လာရမယ့်အချိန်မှာ မလာဘဲ ဖြစ်နေတတ်ပါတယ်။ ဒီအခါမှာတာ့ သူမအနေနဲ့ ကိုယ်ဝန်ရှိနေပြီလားဆိုတဲ့ မျှော်လင့်ချက်အတွေးမျိုး ဝင်လာတတ်ပါတယ်။ ဒါပေမဲ့ ဆီးစစ်တံဝယ်ပြီး ကိုယ်ဝန် စစ်ကြည့်လိုက်တဲ့အခါမှာလည်း ကိုယ်ဝန်မရှိဘူးဆိုတဲ့ အဖြေသာ ထွက်နေတဲ့အတွက် တွေဝေစရာဖြစ်လာတတ်ပါတယ်။
ကိုယ်ဝန် ရှိ၊ မရှိ စစ်ဆေးမှု အဖြေမှားယွင်းနိုင်မှု ရာခိုင်နှုန်းဟာ ၁၀ ရာခိုင်နှုန်းလောက်ထိရှိပေမယ့် ညွှန်ကြားချက်တွေကို သေချာလိုက်နာမယ်ဆိုရင်တော့ ပိုမိုတိကျတဲ့ အဖြေကို ရရှိမှာပဲ ဖြစ်ပါတယ်။ အမှန်တော့ ဆီးစစ်တံတွေမှာ (၃) မိနစ်ကနေ (၁၀) မိနစ်အထိစောင့်ပြီး ရလဒ်ကို ဖတ်ရမှာပါ။ ဒါကို သေချာမသိဘဲ ဆီးစစ်ပြီးတာနဲ့ ဖတ်လိုက်တဲ့အခါမှာ အဖြေမှားသွားနိုင်ပါတယ်။
နောက်တစ်ချက်က ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ်တာက ဆီးထဲမှာပါတဲ့ hCG ဟော်မုန်းပမာဏကို စစ်ဆေးတာပါ။ ဒီဟော်မုန်းပမာဏဟာ ကိုယ်ဝန်ရပြီးစ အချိန်တွေမှာ ဆီးထဲမှာ လုံလောက်တဲ့ ပမာဏမရှိသေးပါဘူး။ ဒါကြောင့် ရာသီပျောက်ပြီး သိပ်မကြာခင်မှာ ဆီးစစ်မိခဲ့ရင် တကယ်လို့ ကိုယ်ဝန်ရှိခဲ့ရင်တောင် အဖြေထွက်ဖို့ ခက်ပါတယ်။
နောက်ပြီး ဆီးစစ်တံနဲ့ ပတ်သက်ပြီလည်း ပြဿနာတွေရှိပါတယ်။ ဆီးစစ်တံတွေဟာ အမျိုးအစား အများကြီး ကွဲပြားနေပြီး တစ်မျိုးနဲ့ တစ်မျိုးလည်း hCG ဟော်မုန်းကို ဖတ်နိုင်စွမ်းချင်း မတူကြပါဘူး။ နောက်ပြီး ဆီးစစ်တံ အသုံးပြုနိုင်တဲ့ရက် ကျော်လွန်နေရင်လည်း အဖြေမှားကောင်း မှားနိုင်ပါတယ်။
ဒါကြောင့် ရာသီစက်ဝန်းပျောက်သွားပြီး ဆီးစစ်လိုက်တဲ့အခါ ကိုယ်ဝန်မရှိကြောင်း အဖြေထွက်လာရင် ဒါဟာ မှားနိုင်ပါသေးတယ်။ နောက်ထပ်တစ်ခါ ထပ်စစ်ဖို့ လိုအပ်သေးတာ ဖြစ်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး