ဖေဖေ၊ မေမေတို့ရေ မေးခိုင်ရောဂါကတော့ မြေကြီးထဲမှာရှိတဲ့ မေးခိုင်ဘက်တီးရီးယားပိုးတွေ ကူးစက်ဝင်ရောက်တဲ့အတွက် ဖြစ်ပွားတတ်ပါတယ်နော်။ မွေးကင်းကလေးငယ်တွေမှာ မေးခိုင်ရောဂါဖြစ်ပွားတတ်တာကတော့ မသန့်ရှင်းတဲ့နေရာတွေမှာ ရင်သွေးငယ်တွေကို မွေးဖွားတာ၊ ချက်ကြိုးဖြတ်ရာမှာ မသန့်ရှင်းတဲ့ကိရိယာတွေအသုံးပြုတာ၊ မသန့်ရှင်းတဲ့ပစ္စည်းတွေသုံးပြီး ချက်တိုင်ကို ဆေးထည့်တာ၊ ကလေးမွေးဖွားစဉ်မှာ မွေးဖွားသူရဲ့လက်မသန့်ရှင်းတာတွေကြောင့် မေးခိုင်ရောဂါပိုးကူးစက်ဝင်ရောက်ပြီး မွေးကင်းစမေးခိုင်ရောဂါဖြစ်ပွားနိုင်တာဖြစ်ပါတယ်နော်။
အဲ့ဒီရောဂါကာကွယ်ဖို့အတွက်ဆိုရင်တော့ ကိုယ်ဝန်ဆောင်မိခင်ကို ကိုယ်ဝန်ဆောင်စဉ်မှာ မေးခိုင်ကာကွယ်ဆေး (ဒါမှမဟုတ်) မေးခိုင်နဲ့ ဆုံဆို့နာ နှစ်မျိုးစပ်ကာကွယ်ဆေးကို တစ်လခြားပြီး (၂) ကြိမ်ထိုးထားဖို့လိုအပ်ပါတယ်နော်။ မေးခိုင်နဲ့ ကြက်ညှာနှစ်မျိုးစပ်ကာကွယ်ဆေး ဒုတိယအကြိမ်ကိုတော့ မမွေးဖွားမီမှာ (၂) ပတ်ကြိုတင်ပြီး ထိုးပေးရမှာဖြစ်ပါတယ် မေမေတို့ရေ။ အဲ့ဒါမှလည်း ရင်သွေးငယ်လေးတွေမွေးဖွားလာစဉ်မှာ မွေးကင်းစမေးခိုင်ရောဂါဖြစ်ပွားတတ်တဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာပါနော်။
ဖေဖေ၊ မေမေတို့ရေ ကြိုတင်ကာကွယ်မှုတွေမလုပ်မိဘူးဆိုရင်တော့ ရင်သွေးငယ်လေးတွေ မွေးဖွားချိန်မှာ မေးခိုင်ရောဂါလက္ခဏာတွေကို ခံစားရတတ်ပါတယ်။ မွေးကင်းစမေးခိုင်ရောဂါဖြစ်ပွားနေတဲ့ကလေးငယ်တစ်ယောက်က မွေးစကနေ ၂ ရက်သားလောက်အထိတော့ ကျန်းကျန်းမာမာနဲ့ နို့ကောင်းကောင်းဆို့နိုင်တယ်ဆိုပေမယ့် (၃) ရက်ကနေ (၂၈) ရက်အတွင်းမှာတော့ နို့မစို့နိုင်တော့ဘဲ တောင့်တာ၊ တက်တာတွေဖြစ်တတ်ပါတယ်။ အဲ့ဒီရောဂါကြောင့် ရင်သွေးငယ်လေးမှာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်ပေါ်နိုင်ပါတာကြောင့် မေမေတို့က ကိုယ်ဝန်ဆောင်ချိန်မှာကတည်းက ကာကွယ်ဆေးကို မမေ့မလျော့ထိုးနှံပေးဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လက်စွဲစာအုပ်လေးထဲမှာပါတဲ့ မှတ်သားသင့်တာလေးကို ကျားလေးက မျှဝေပေးလိုက်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး