ဗီတာမင် အေ က ကလေးငယ်တွေရဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးရေးနဲ့ ကျန်းမာကြံ့ခိုင်ရေး၊ မျက်စိကျန်းမာရေးနဲ့ အမြင်အာရုံကောင်းမွန်ရေးတွေအတွက် အရေးကြီးပါတယ်။ ပုံမှန်စားသုံးတဲ့အစားအစာတွေမှာ ဗီတာမင်အေ လုံလုံလောက်လောက်မရဘူးဆိုရင်တော့ ရင်သွေးငယ်တွေအတွက် ရောဂါလက္ခဏာတွေဖြစ်ပေါ်တတ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဗီတာမင်အေ ချို့တဲ့ကလေးငယ်တွေမှာ ဖြစ်ပေါ်တတ်တဲ့ အခြေအနေတွေကို ဖေဖေ မေမေတွေအားလုံး မှတ်သားနိုင်ဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ လက်စွဲစာအုပ်ပါသိမှတ်ဖွယ်ရာလေးတွေကို ကျားလေးကနေ မျှဝေပေးချင်ပါတယ်။
ဗီတာမင်အေ ချို့တဲ့တဲ့ကလေးငယ်တွေဟာ ပုံမှန်မကြီးထွား မဖွံ့ဖြိုးနိုင်ပါဘူး။ ကူးစက်ရောဂါအမျိုးမျိုးကြောင့် မကြာခဏဖျားတတ်ပါတယ်။ ဖျားတဲ့အခါမှာလည်း နာတာရှည်ပြင်းထန်တတ်ပါတယ်။ ကြက်မျက်သင့်ရောဂါကိုလည်း ခံစားရတတ်ပါတယ်။ မျက်ဖြူသားနဲ့ မျက်ကြည်လွှာတို့ခြောက်သွေ့ပြီး မတောက်ပြောင်တော့ပါဘူး။ မျက်ကြည်လွှာမှာ အနာဖြစ်တတ်ပါတယ်။ အနာပျောက်ခဲ့ရင်လည်း အပြင်တိမ်စွဲသွားတတ်ပါတယ်။ မျက်ကြည်လွှာပေါက်ပြီး မျက်စိကွယ်တာတွေဖြစ်နိုင်ပါတယ်။ အခြားရောဂါတွေဖြစ်ပွားခဲ့ရင်လည်း ရောဂါပြင်းထန်ပြီး အသက်ဆုံးရှုံးနိုင်တဲ့အထိ ဖြစ်ပေါ်တတ်ပါတယ်နော်။ အဲ့ဒါကြောင့်လည်း ဖေဖေ၊ မေမေတွေက ရင်သွေးငယ်လေးတွေကို ဗီတာမင်အေ လုံလောက်အောင် ကျွေးမွေးသင့်ပါတယ်။ နို့တိုက်မိခင်တေွဆိုရင်လည်း မလိုအပ်ဘဲ အစားရှောင်တာမျိုးတွေ မပြုလုပ်သင့်ပါဘူး။
ဗီတာမင်အေ ပြည့်ဝဖို့ဆိုရင်တော့ ကိုယ်ဝန်ဆောင်စဉ်ကတည်းက မိခင်ကအစားအစာတွေကို မလိုအပ်ဘဲမရှောင်သင့်ပါဘူး။ နောက်ပြီး မီးဖွားပြီးချိန်မှာလည်း ပထမတစ်ရက်၊ နှစ်ရက်အတွင်းထွက်တဲ့ နို့ဦးရည်က ဗီတာမင်အေ ကြွယ်ဝတဲ့အတွက် ကလေးကိုနို့ဦးရည်တိုက်ဖြစ်အောင်တိုက်ကျွေးဖို့လိုအပ်ပါတယ်။ အသက် (၆) လမတိုင်မီမိခင်နို့ချိုတိုက်ကျွေးစဉ်မှာလည်း မိခင်က အစားရှောင်တာမျိုးမပြုလုပ်သင့်ပါဘူး။ (၆) လနောက်ပိုင်းမှာတော့ အသည်းအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့အမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းရွက်တွေ၊ နီဝါရောင် သစ်သီးတွေ၊ အဝါရောင် ဟင်းသီးတွေ၊ အဝါရောင်နဲ့ အနီရောင် သစ်ဥသစ်ဖုတွေ အစရှိတဲ့ ဗီတာမင်အေ ကြွယ်ဝတဲ့အစားအစာတွေကို နေ့စဉ်ပါ၀င်အောင်ကျွေးသင့်ပါတယ်နော်။ ဖေဖေမေမေတွေအားလုံး ရင်သွေးငယ်လေးတွေရဲ့ ကျန်းမာဖွံ့ဖြိုးရေးအတွက် ဂရုတစိုက်ပြုစုစောင့်ရှောက်နိုင်ပါစေနော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး