ဖေဖေ၊ မေမေတို့ရေ မိသားစုဝင်တွေအားလုံးအတွက် သွားနဲ့ ခံတွင်းကျန်းမာစေဖို့ စနစ်မှန်မှန်သွားတိုက်နည်းလေးကို ကျန်းမာရေးဝန်ကြီးဌာနက ဘယ်လိုလမ်းညွှန်ထားသလဲဆိုတာ ကျားလေးက မျှဝေပေးမယ်နော်။ သွားတိုက်တဲ့အခါ ဖလိုရိုဒ်သွားတိုက်ဆေးနဲ့ တစ်နေ့နှစ်ကြိမ် (နံနက်စာစားပြီးချိန်နဲ့ ညအိပ်ယာမဝင်မီ) သွားတိုက်ခြင်းနဲ့ သွားပိုးစားရောဂါနဲ့ သွားဖုံးရောဂါတွေကို ထိရောက်စွာကာကွယ်နိုင်ပါတယ်။ သွားတိုက်တဲ့အခါမှာ သွားပွတ်တံအမျှင်တွေကို သွားဖုံးစပ်ကနေ သွားဖက်ကိုဆွဲတိုက်ပြီး အပေါ်သွား၊ အောက်သွား၊ ရေှ့သွား၊ နောက်သွား၊ အတွင်းအပြင်သွားမျက်နှာပြင်နဲ့ သွားကြိုသွားကြားမကျန် သွားတိုက်ဆေးနဲ့ ထိစပ်နေဖို့လည်း အရေးကြီးပါတယ်နော်။
ကလေးငယ်တွေ၊ သွားတိုက်လေ့မရှိသူတွေအနေနဲ့ သွားစတိုက်တဲ့အခါ သွေးထွက်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း တစ်နေ့ကိုနှစ်ကြိမ်ဆက်ပြီးသွားတိုက်တဲ့အခါ တစ်ပတ်အတွင်း သွားဖုံးကနေ သွေးထွက်တာကနေ ပျောက်ကင်းနိုင်ပါတယ်။ ဖလိုရိုဒ်သွားတိုက်ဆေးရဲ့ အာနိသင်လျော့မသွားစေဖို့ သွားတိုက်အပြီး ရေနဲ့ ပလုပ်ကျင်းဖို့မလိုဘဲ ပိုနေတဲ့ သွားတိုက်ဆေးအမြှုပ်တေွကို ထေွးပစ်တတ်ဖို့အတွက် ဖေဖေ၊ မေမေတို့က သားသားမီးမီးတွေကို လေ့ကျင့်ပေးဖို့တော့လိုပါတယ်နော်။ အသက် ၆ နှစ်အောက်ကလေးတွေ သွားတိုက်တဲ့အခါမှာတော့ ဖလိုရိုဒ်သွားတိုက်ဆေးကို ကုလားပဲစေ့တစ်ခြမ်းလောက်သာ ထည့်ပြီး သွားတိုက်တဲ့အခါမှာလည်း မိဘတွေ၊ အုပ်ထိန်းသူတွေက ကြည့်ရှုပေးဖို့လိုအပ်ပါတယ်နော်။
သွားတိုက်တဲ့အခါမှာတော့ အသက်သုံးနှစ်အောက်ကလေးတွေကို တစ်နေ့တစ်ကြိမ်သာ သွားတိုက်ပေးဖို့လိုပါတယ်။ သုံးနှစ်ကျော်သွားပြီဆိုရင်တော့ တစ်နေ့ကိုနှစ်ကြိမ်သွားတိုက်တဲ့ အလေ့အကျင့်ကို ဖေဖေ၊ မေမေတို့က ပြုလုပ်ပေးရမှာပါ။ နောက်ပြီး မိသားစုဝင်တွေအားလုံး ဂရုပြုဖို့က သွားတိုက်တံကို မျှဝေမသုံးဖို့နဲ့ သွားတိုက်တံတစ်ချောင်းကို ၃ လထက်ပိုမသုံးဖို့ကိုလည်း ဂရုစိုက်ပေးရမှာပါ။ မိသားစုဝင်တွေအားလုံး သွားလှလှလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး