ကိုယ်ဝန်ဆောင်စဉ်တွင် သန္ဓေသား၏ ဖွံ့ဖြိုးမှုအတွက် မိခင်၏ သွေးဆဲလ်များကို ပိုမို၍ထုတ်ရသည်။ ဤတွင် သွေးဆဲလ်များထုတ်ရန် လိုအပ်သော အာဟာရဓာတ်များ မလုံလောက်ပါက သွေးအားနည်းရောဂါ ဖြစ်ပေါ်လာနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ်တွင် သွေးအားအတန်ငယ် နည်းသွားတတ်သည်မှာ ပုံမှန်ဖြစ်သော်လည်း ဗီတာမင်နှင့်သတ္တုဓာတ်များ ချို့တဲ့၍ ပြင်းထန်သော သွေးအားနည်းရောဂါများလည်း ဖြစ်လာနိုင်သည်။
လက္ခဏာများအနေနဲ့ အသားအရေ၊ နှုတ်ခမ်း၊ လက်သည်းများ ဖြူရော်ရော်ဖြစ်ခြင်း၊ နုံးခြင်း၊ နွမ်းခြင်း၊ ပင်ပန်းလွယ်ခြင်း၊ မူးဝေခြင်း၊ ရင်တုန်ခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်း ဖြစ်တတ်ပါတယ်
ပြင်းထန်သော (သို့) ကုသမှုကောင်းစွာမခံယူသော သွေးအားနည်းရောဂါများမှာတော့ လမစေ့၊ ပေါင်မပြည့် ကလေးမွေးနိုင်ခြင်း၊ သွေးသွင်းရနိုင်ခြင်း၊ မီးတွင်း၌ ဓာတ်ကျရောဂါရနိုင်ခြင်း၊ ကလေး၌ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ မိခင်၌ နှလုံးထိခိုက်နိုင်ခြင်း စသည်တို့ဖြစ်နိုင်သည်။