ရင်သွေးငယ်လေးတွေကို အသက် ၆ လသားမပြည့်ခင်အထိ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ခွင့် မပေးသင့်ပါဘူး။ အပြင်သွားလို့ နေအရမ်းပူချိန်မျိုးမှာ အနှီးနဲ့ ဖြစ်ဖြစ်ကာကွယ်ထားခြင်းမျိုး လုပ်ပေးသင့်ပါတယ်။ အရိပ်ရနည်းသောနေရာ ထီး၊ သစ်ပင်များပါ မရှိသောနေရာ ဆိုရင်တော့ အသက် ၆ လမပြည့်သေးရင်တောင် နေရောင်ကာကွယ်ခရင်မ်လေး လိမ်းပေးသင့်ပါတယ်။ တစ်ကိုယ်လုံးလိမ်းစရာမလိုဘဲ အဝတ်မရှိသောနေရာကိုပဲလိမ်းပေးရမှာပါ။
ရင်သွေးငယ်လေးကို ပိုးမွှားများကိုက်ခြင်းမှလည်း ကာကွယ်ပေးရပါမယ်။ ရင်သွေးလေးကို လုံလုံခြုံခြုံဝတ်ပေးခြင်းဖြင့် ကာကွယ်ရန်လုံလောက်ပါတယ်။ အသက် ၂ လ ကျော်ရင်တော့ DEET ပါဝင်သော ပိုးမွှားကာကွယ်ဆေးကို အသုံးပြုနိုင်ပါတယ်။ ရင်သွေးလေးဝတ်မည့် အဝတ်အစားများ ဖြန်းပေးခြင်း မိမိရဲ့ လက်ကို ဖြန်းကာ လိမ်းပေးခြင်းမျိုးလုပ်ပေးနိုင်ပါတယ်။ မျက်လုံးနဲ့ ပါးစပ်ဝန်းကျင်ကို တော့ ရှောင်ရှားရပါမယ်။
ရင်သွေးငယ်လေးတွေကို နေ့စဉ်ရေချိုးပေးခြင်းလည်းလုပ်ပေးရန်မလိုပါဘူး။ တွားသွားကစားပြီး ညစ်ပတ်တာ၊ အစားအစာများကို ပေပွနေအောင်စားထားခြင်းများမရှိရင် ရေမချိုးပေးလဲအဆင်ပြေပါတယ်။ ရေချိုးပေးမယ်ဆိုရင်လည်း ပါးစပ်ဝန်းကျင်၊ အသားစိုင်များကြားနဲ့ သေးခံဝတ်ပေးထားတဲ့ နေရာဝန်းကျင်ကို အလေးထား သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ရေချိုးပြီး ရေကိုခြောက်နေအောင်သုတ်ပေးပြီးချိန်မှာလည်း လျှော်ဖွတ် သန့်စင်ပြီးသား အဝတ်အစားများကိုသာ ပေးဝတ်ဆင်သင့်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး