အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ မီးဖွားခဲ့ရတဲ့ အချိန်ဟာ အနာကျင်ရဆုံး အခိုက်အတန့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကလေးတစ်ယောက်မွေးဖွားရတဲ့ နာကျင်မှုမျိုးကို နှိုင်းယှဉ်ပြလို့အရာမျိုးက ခပ်ရှားရှားပါ။ မိခင်ရဲ့အသက်ကိုရင်းပြီး မီးဖွားရတာဖြစ်ပြီး ဒီဖြစ်စဉ်ကြီး အဆင်ပြေလွယ်ကူချောမွေ့စေဖို့ ကိုယ်ဝန်ဆောင်ကာလမှာကတည်းက မိခင်လောင်းတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ သင့်အနေနဲ့ မီးဖွားဖူးသူတွေ ၊ သားဖွားကျွမ်းကျင်ဆရာဝန်တွေ သူနာပြုတွေထံကနေ အကြံဉာဏ်တွေ တောင်းခံထားသင့်ပါတယ်။ မီးဖွားခြင်းအတွက် ကြိုတင်လေ့လာမှုတွေ ၊ ဗဟုသုတစာပေများကိုလည်း ကြိုတင်ဖတ်ရှုထားသင့်ပါတယ်။ ဒီနေရာမှာ မီးဖွားခြင်း ချောချောမွေ့မွေ့နဲ့ အောင်မြင်စွာပြီးဆုံးနိုင်ဖို့ မိခင်လောင်းရဲ့ ခန္ဓာကိုယ်ဟာ ကြံ့ခိုင်မှု ပြည့်ဝနေဖို့ လိုအပ်ပါတယ်။
ဒါ့ကြောင့် ကိုယ်ဝန်သက်တမ်းအလိုက် သင့်တော်တဲ့ လေ့ကျင့်ခန်းများကို ရွေးချယ်ပြုလုပ်ထားရပါမယ်။ လေ့ကျင့်ခန်းပြုလုပ်တာနဲ့တပြိုင်နက် အာဟာရပြည့်ဝမျှတဖို့အတွက် အစားအစာများကို လုံလောက်စွာ စားသုံးပေးရပါမယ်။ နောက်ပြီး သင့်ရဲ့စိတ်အခြေအနေမှာ စိုးရိမ်ကြောက်ရွံ့ခြင်းတွေ ကွယ်ပျောက်ပြီး တည်ငြိမ်မှုရရှိစေဖို့ စိတ်လေ့ကျင့်ခန်းများ ဥပမာ-တရားထိုင်ခြင်း တို့ကို ပြုလုပ်ပေးသင့်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ ရေချိုးတဲ့နေရာမှာ ရေနွေးကိုအသုံးပြုခြင်းက မီးဖွားချိန်မှာ သာမန်မိခင်လောင်းတွေထက် ပိုမိုအဆင်ပြေ ချောမွေ့စေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရမ်းပူတဲ့ ရေနွေးတွေကိုတော့ ရေချိုးတဲ့နေရာမှာ အသုံးမပြုဖို့ အကြံပြုပါရစေ။ အရမ်းပူတဲ့ ရေနွေးတွေဟာ သန္ဓေသားအပေါ် သက်ရောက်မှုရှိပြီး ကိုယ်ဝန်ပျက်ကျတဲ့အထိ အန္တရာယ်ရှိနိုင်တာကြောင့်ပါ။
မိခင်လောင်းတွေ အထိုင် ၊ အထပြုလုပ်ရာမှာလည်း နည်းစနစ်မှန်မှန်ကန်ကန်နဲ့ ပြုလုပ်ရပါမယ်။ ခင်ပွန်း ၊ မိဘနဲ့ အခြားမိသားစုဝင်တွေကလည်း ကိုယ်ဝန်ဆောင်မိခင် မီးဖွားရာမှာ အဆင်ပြေလွယ်ကူချောမွေ့နိုင်စေဖို့ ငွေအား ၊ လူအား ၊ အကြံဉာဏ်အား စသဖြင့် တစ်ဖက်တစ်လမ်းကနေ ကူညီထောက်ပံ့ပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး