မေမေတို့ရေ ကလေးမွေးပြီး (၃) (၄) ရက်ဆိုရင် နို့တင်းမှုဝေဒနာကို မိခင်တွေခံစားရတတ်ပါတယ််နော်။ နို့ကြောင်းပိတ်တဲ့အခါ နို့သီးခေါင်းအတွင်းမှာ နို့ကြောင်းတစ်နေရာရာပိတ်နေပြီး အစိုင်အခဲတစ်ခုအနေနဲ့ စမ်းသပ်ရမိတတ်ပါတယ်။ မေမေတို့အနေနဲ့ နို့တင်းရမှုကို ကြိုတင်ကာကွယ်လို့ရပါတယ်။
- ရင်သွေးငယ်ကို မိခင်နို့စောစော၊ အချိန်ကြာကြာ (ညအချိန်တွေပါမကျန်) စို့စေခြင်း၊
- ကလေးငယ်ကို မိခင်နို့စို့တဲ့အခါ ပုံစံအနေအထား ကျနစွာစို့စေခြင်း တို့နဲ့ မေမေတို့နို့တင်းတာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
မေမေတို့အနေနဲ့ နို့တင်းတာ၊ နို့ကြောင်းပိတ်တာတွေ ဖြစ်ပေါ်လာပြီဆိုရင်တော့ ကုသနိုင်မယ့် နည်းလမ်းလေးတွေကို ဆက်လက်မျှဝေပေးမယ်နော်။
နို့တင်တဲ့မေမေတွေအတွက် ..
- မွေးစရက်တွေမှာ ကလေးနို့စို့ပြီးတိုင်း နို့ကျန်များကို ညှစ်ထုတ်ပစ်ခြင်း
(အကောင်းဆုံးနည်းလမ်းမှာ လက်ဖြင့်ညှစ်ထုတ်ခြင်းဖြစ်ပါတယ်။ အခြားနည်းလမ်းကတော့ နွေးတဲ့ပုလင်း (ဒါမှမဟုတ်) ဖန်ခွက်တို့ကိုသုံးပြီး ညှစ်ခြင်းဖြစ်ပါတယ်။ မိခင်ရဲ့နို့သီးခေါင်းပတ်လည်အရေပြားကို ညင်သာစွာနှိပ်နယ်ပွတ်သပ်ပေးဖို့လိုပါတယ်)
- နို့စည်းထားခြင်း၊ ရေလျှော့သောက်ခြင်း၊ ဆီးဆေးများပေးခြင်း၊ နို့ခမ်းဆေးများထိုးခြင်းကို ရှောင်ရှားသင့်ပါတယ်။
- နို့အနည်းငယ်ညှစ်ထုတ်ပြီး နို့အုံပျော့ပျောင်းလာချိန်တွင် ကလေးနို့စို့ရန် လွယ်ကူလာပါမည်။ ကလေးငယ်နို့မစို့နိုင်ပါက ကလေးငယ်အား ညှစ်ထားထားတဲ့ နို့ကို ခွက်နဲ့ (ဒါမှမဟုတ်) ဇွန်းနဲ့တိုက်ပေးပါ။ သားမြတ်ပျော့လာချိန်အထိ နို့ကိုမကြာခဏ ညှစ်ထုတ်ပေးရပါမယ်။
နို့ကြောင်းပိတ်ခြင်းကို ကာကွယ်ရန်မှာ တင်းကြပ်သော ဘရာစီယာဝတ်ဆင်ခြင်း၊ ကလေးကို နောက်ပိုးသိုင်းသော ကြိုးနဲ့ချည်တဲ့အခါ ကြိုးဟာသားမြတ်ကိုဖိမိခြင်းမျိုး ရှောင်ကြဉ်ဖို့လိုပါတယ်။
နို့ကြောင်းပိတ်ခြင်းကို ကုသမယ်ဆိုရင်တော့ ..
- ရေနွေးဝတ်နဲ့ သားမြတ်အားဖိချေပေးခြင်း (ဒါမှမဟုတ်) နွေးတဲ့အဝတ်နဲ့ဖိချေပေးခြင်းနည်းလမ်းနဲ့ဆောင်ရွက်ပေးဖို့လိုပါတယ်။ အဲ့ဒီနည်းလမ်းကို နို့တိုက်မိခင်အားပြသပေးပြီး ကိုယ်တိုင်ပြုလုပ်စေဖို့လိုပါတယ်။
- နို့ကြောင်းပိတ်တဲ့ဘက်မှာ ကလေးငယ်ကိုနို့မကြာခဏစို့စေခြင်းကိုလည်း ပြုလုပ်ပေးဖို့လိုပါတယ်။
ကဲ ကျားလေးရဲ့မေမေတို့ရေ နို့အုံတင်းလို့၊ နို့ကြောင်းပိတ်လို့ သောကပွေမနေပါနဲ့တော့နော်။ ဒီနည်းလမ်းလေးတွေနဲ့ မေမေတို့ရဲ့ ဝေဒနာတွေကို ကိုယ်တိုင်ကုသလိုက်ရအောင်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး