ကလေးအသက် ငါးနှစ်ပြည့်ပြီ ၊သူငယ်တန်းမှာ စာတွေဘာလို့ မသင်ကြလဲ
ခေတ်ဘုန်းသစ်
ဒီလ မျက်နှာဖုံးဆောင်းပါးကလေးကို မရေးခင်မှာ ဘာကြောင့် ဒီအကြောင်းကလေးကို ဒီလရေးဖြစ်သလဲ ဆိုတာ လေး အရင်ဆုံး ကျွန်မပြောပြချင်ပါတယ်။ စနစ်သစ်သင်ရိုးက ကျောင်းတွေမှာ သူငယ်တန်း ကို စာတွေ မသင်ကြတဲ့ အတွက် မိဘ များအနေနဲ့ ကိုယ့်ရဲ့ ကလေး စာတွေနောက်ကျကုန်ပြီလား၊ သူငယ်တန်း တစ်နှစ်သာ အချိန်ကုန်သွားတော့တယ် ကလေးဟာ ဘာဆိုဘာမှ မတတ်ဘဲနဲ့ ဖြစ်ကုန်တော့မှာလားလို့ တွေးပူကြပါတယ်။ မိဘများ တွေးပူသလို ပဲ တစ်ချို့ ဆရာ၊ ဆရာမ များကလည်း ကလေးတွေ စာရေးတတ်၊ ဖတ်တတ်တာတော့ဖြင့် နောက်ကျ တော့မှာပဲလို့ တွေးပူကြပါတယ်။ ဒီလို နဲ့ ကျောင်းမှာ မသင်တဲ့ စာတွေကို သင်ဖို့ အတွက် သူငယ်တန်းကျူရှင်ရယ်လို့ ပေါ်လာပါတော့တယ်။ သူငယ်တန်း ကျူရှင် တွေမှာ သူငယ်တန်းကလေးကို မြန်မာစာကြောင်းတွေကို ရေးတတ်ဖို့ ၊ဖတ်တတ်ဖို့ ၊ သချာင်္တွေကို တွက်နိုင်ဖို့၊ အင်္ဂလိပ်စာ စာလုံးတွေကို ကျက်နိုင်ဖို့ သင်ကြားတယ်လို့ လည်း ကြားရပါတယ်။
အခုပြောင်းလဲလာတဲ့ ပညာရေး စနစ်မှာ အရင်တုံးက သူငယ်တန်းမှာ သင်ခဲ့တဲ့ စာတွေကို လျော့ချပြီးတော့ သူငယ်တန်းမှာ စာတွေ အများကြီး မသင်ရဘူးလို့ ဘာကြောင့် လုပ်ရသလဲ။ စာတွေကို အများကြီးသင်ကြားခြင်းကြောင့် ကလေး စာတွေ စောစောရေးတတ် သွားစေတဲ့နောက်မှာ ကျွန်မတို့ပြန်ပေးလိုက်ရတဲ့ တစ်နည်းပြောရရင် ဆုံးရှုံးသွားရတဲ့ ကလေးရဲ့ တစ်ခြားဖွံ့ဖြိုးမှု တွေ ကရော ဘာတွေ လဲ ဆိုတာကို ကျွန်မ ဒီလ မျက်နှာဖုံးဆောင်းပါး အဖြစ်ရေးသားတင်ပြသွားမှာပါ။
အရင်စနစ်က သူငယ်တန်း
ဟိုးလွန်ခဲတဲ့ လေးငါးခြောက်နှစ်တာ ကာလ တု့ံးက အထိ အစိုးရ ကျောင်းများ မှာ ရှိနေတဲ့ သူငယ်တန်း ကလေးငယ်ကလေးများဟာ သူငယ်တန်းကို မတတ်ခင် ကာလမှာကတည်းက မူကြိုကျောင်းများမှာ ၀လုံးများနဲ့ ဗျည်း အက္ခရာများကို ရေးလာခဲ့ရပါတယ်။ မူကြိုမှာ ၀လုံးနဲ့ ဗျည်းအက္ခရာတွေကို မရေးလာခဲ့ တဲ့ ကလေးဟာ သူငယ်တန်းကို ရောက်ချိန်မှာတော့ သူ့မှာ စာ တွေ မလိုက်နိုင်တော့ပါဘူး။ မူကြို ဆိုတာကို မူလတန်း အတွက် ကြိုတင်သင်ကြားပေး ရမယ့် ကျောင်းအဖြစ် မိဘ၊ဆရာများက အဓိပါယ် ဖွင့် ဆိုပါတော့တယ်။ ဒီလိုနဲ့ကလေးတို့ ခမြာ ဦးနှောက် ဥာဏ်ရည်ဖွံ့ဖြိုးရေးအတွက် အရေးကြီးတဲ့ သင်ယူစရာတွေကို သင်ယူရမယ့် အချိန်မှာ ဗျည်းအက္ခရာတွေ၊ အင်္ဂလိပ် စာ ဘီစီဒီတွေ၊ တစ်နှစ်သုံးလေးတွေ နဲ့ ပဲ မူကြိုနဲ့ သူငယ်တန်းမှာ သင်ယူရင်း အချိန်ကုန်ရပါတော့တယ်။
ကလေးတို့ရဲ့ ဦးနှောက်တည်ဆောက်မှု အရ မွေးစကနေ လေးနှစ်ကျော် ကာလ အထိ ကလေးတွေ မြင်ခဲ့၊ ကြားခဲ့၊ထိခဲ့၊ သိခဲ့၊နံခဲ့ ၊မွှေးခဲ့တာတွေ အကုန်လုံးကို ချိတ်ဆက်ပြီးပို မိုနားလည်စေနိုင်တဲ့ အလုပ်ကို ဒီငါး နှစ်တာ အရွယ်မှာ စတင်လုပ်ပါတယ်။ ဒါကို မိဘများပိုပြီး သဘောပေါက်နားလည်အောင် လို့ ထပ်ရှင်းပြရမယ်ဆိုရင် တော့ ငယ်ငယ် လသားကလေးဘ၀မှာတုံးက ေ၇ခဲတုံးကလေးကို သူ့လက်မောင်းမှာ ထိကြည့်တော့ အေးတယ် ဆိုတာကို သူနာမည် မတတ်တတ်သေးပေမယ့် အေးလွန်းလို့ ကိုယ်ကလေး တုံ့ကနဲဖြစ်သွားတယ်။ အဲဒီ့အေးတာကို မကြိုက်ရင် မျက်နှာလေး ရှုံသွားမယ်။ ကြိုက်ရင် ပြုံးပါတယ်။ နည်းနည်းလေး ကြီးလာချိန်မှာတော့ ရေခဲက အေးတယ်၊ ရေနွေးက ပူတယ်လို့ နာမည်တပ်တတ်လာပါပြီ။ ရေခဲ အေးတာကို မီးမီးကြိုက်တယ်။ ရေနွေးပူပူကြိးမကြိုက်ဘူးလို့ ခံစားမှုကို ပြောတတ်လာပါပြီ။ အသက်ငါး နှစ်လောက် ေ၇ာက်ပြီဆိုတဲ့ အခါမှာတော့ ရေခဲတုံးဟာ လက်မှာကိုင်ထားရင် အေ၇ပျော်တယ်။ နေပူရင်လည်း အရေပျော်တယ် ။ ေ၇ခဲတုံး အရေပျော်တာကြာသွားရင် ရိုးရိုးရေလို ပဲ ပူသွားရော ဆိုတာကို သေသေခြာခြာ ချိတ်ဆက် နားလည် နိုင်လာပါပြီ။ ကလေးတွေဟာ သူတို့မှာ ပါလာတဲ့ပြတင်းပေါက်ငါးပေါက် ( မျက်စိ၊နှခေါင်း၊နာ၊လျာ၊ကိုယ်) ကနေ တစ်ဆင့် ပါတ်၀န်းကျင်ကနေမြင်သမျှ၊ကြားသမျှ၊ ထိ၊နံ၊မွှေးသမျှ အကုန်လုံးကို နေ့စဉ် စုတ်ယူသင်ယူပါတယ်။ အဲဒီလို စုတ်ယူ သင်ယူခွင့် ကို ကလေးတစ်ယောက် ဟာ ဘယ်လောက် များများ ကြီး ရရှိသလဲ ဆိုတာပေါ်မူတည်ပြီးတော့ ကလေးတို့ရဲ့ ဦးနှောက်ဥာဏ်ရည် မှာ ဖွံ့ဖြိုးရမယ့် တစ်နည်းပြောရရင် လူတစ်ယောက် ဖြစ်လာဖို့အတွက် အရေးသိပ်ကြီးတဲ့ ဖွံ့ဖြိုးမှု တွေ ဟာ တစ်ယောက်နဲ့ တစ်ယောက် ကွာခြားသွားရတာပါပဲ။ Early Chilhood လို့ခေါ်တဲ့ အစောပိုင်းကလေးဘ၀ကာလ ဖြစ်တဲ့ မွေးစကနေ ခုနှစ်နှစ်တာ ကာလ ဟာ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှု အတွက် အလွန်တရာအရေးကြီးတဲ့ အခြေခံအုတ်မြစ်ချ ဖောင်ဒေးရှင်း ကာလ ဖြစ်တာမို့လို့ ဒီအချိန်မှာ ကျွန်မတို့ဟာ ကလေးတွေကို မှန်ကန်တဲ့ သင်ယူလေ့လာခွင့် ကို ပေးဖုိ့ သိပ်အရေးကြီးပါတယ်။ စနစ်သစ် ပညာရေး ရဲ့သူငယ်တန်းမှာ ကလေးငယ်လေးတွေကို စာတွေ တအားမသင်စေဘဲနဲ့ ကျောင်းမှာ ကလေးတို့ ကစားဖို့၊ ဆော့ဖို့၊ ပုံပြင်လေးတွေ နားထောင်ဖို့၊ ကဗျာလေးတွေ ရွတ်ဖို့ ကိုပဲ လုပ်ခိုင်းတယ်ဆိုတာဟာ ငါးနှစ်ကနေ ခုနှစ်နှစ် အရွယ်မှာ ဦးနှောက် ဖွံ့ဖြိုးရေးအတွက်ကျန်နေသေးတဲ့ (တစ်နည်းပြောရရင်) ဦးနှောက်တည်ဆောက်ဖို့ အတွက်ကျန် နေသေးတဲ့ အရာတွေကို ဖွံ့ဖြိုးဖို့လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ကလေးတစ်ယောက် (သို့မဟုတ်) လူတစ်ယောက် အတွက် အရေးကြီးတဲ့ အခြေခံ ဖွံ့ဖြိုးမှုကြီးငါးရပ် ရှိပါတယ်။
ကိုယ်ခန္ဓာမှာရှိတဲ့ကြွက်သား ကြီးငယ်များ ဖွံ့ဖြိုးမှု ( Physical Development)
ကျွန်မတို့ ရဲ့ ကိုယ်ခနာတစ်ခုလုံးရဲ့ ဟာ ကြွက်သားကြီး ၊ကြွက်သားငယ်များနဲ့ ဖွဲ့စည်းထားတာပါ။ ဒီကြွက်သား တွေ ရဲ့ သန်စွမ်းမှု။ ဖွံ့ဖြိုးမှု ဟာ လူတစ်ယောက်ရဲ့ ဘ၀အတွက် သိပ်ကို မှ အရေးကြီးလှပါတယ်။ ကလေးတို့စာရေးဖို့၊ ပြေးဖို့၊ ခုန်ဖို့၊ ဆရာ၀န်ကြီးဖြစ်လာရင် လူနာတွေကို ခွဲစိတ်ဖုိ့၊ ကြီးလာလို့ အင်ဂျင်နီယာကြီး ဖြစ်လာရင် ပစ္စည်းတွေ ကိုင်ပြီး အသုံးပြုဖို့ စသဖြင့် ဘာကို ပဲ လုပ်လုပ် Fine Motor Skills လို့ ခေါ်ကြတဲ့ ကြွက်သားငယ်တွေ သန်စွမ်းပါမှ၊ Gross Motor Skills လို့ခေါ်တဲ့ကြွက်သားကြီးတွေ သန်စွမ်းပါမှ သူများထက်ပိုပြီး အလုပ်လုပ်နိုင်မှာပါ။ ဒီကြွက်သားတွေကို ဘယ်သူက ထိန်းချုပ်အလုပ်လုပ်စေလဲ ဆိုရင် ဦးနှောက်က ထိန်းချုပ်ပါတယ်။ ကလေးတို့ရဲ့ ကြွက်သားသန်စွမ်းမှု နဲ့ လှုပ်ရှားနိုင်မှု ဟာ အသက်လေး နှစ်နဲ့ ငါးနှစ်ကြားမှာပိုပြီတော့ ဖွံ့ဖြိုးလာပါပြီ။ ဒီအရွယ်ကလေးတွေ ကို ကြည့်ရင် ပြေးချင်၊လွှားချင်၊ ခုန်ပေါက်ချင်၊ တွယ်တက်ချင်တာကို တွေ့ရပါမယ်။ ဒါဟာ တကယ်တော့ သူတို့ အတွက် လိုအပ်တဲ့ ဖွံ့ဖြိုးမှု တွေကို ကစားရင်း နဲ့ သူတို့ ဘာသာသူတို့ သင်ယူနေကြတာပါပဲ။
အသက်ငါးနှစ်မှာ ကျွန်မတို့ဟာ ကလေးတွေကို ကျောင်းကို ပို့လိုက်ကြပါပြီ။မနက်ကိုး နာရီ ကနေ ညနေ သုံးနာရီထိ တက်ရတဲ့ ကလေးတို့ကျောင်းဟာ ကလေးတွေကို ကုလားထိုင်မှာ ငြိမ်ငြိမ်ထိုင်ခိုင်းပြီးတော့ စာတွေ ကူးခိုင်းမယ်၊ ေ၇းခိုင်းနေမယ် ဆိုရင်ဖြင့် ကလေးတို့ ဟာ ဒီအရွယ်မှာ ပြေးလွှားကစားရင်းကနေ ရရှိမယ့် ကိုယ်ခနာကြွက်သား ကြီးငယ်ဖွံ့ဖြိုးမှုကို မရနိုင်တော့ပါဘူး။နောက်ထပ် ကလေးတို့ အတွက် လိုအပ်တဲ့ ဖွံ့ဖြိုးမှု တစ်ခုကတော့
သိမှု ဥာဏ်ပိုင်ဆိုင်ရာဖွံ့ဖြိုးမှု (Intellectural Development)
သိမှု ဥာဏ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ထဲမှာ ဘာတွေ ပါလာပြီလဲ ဆိုရင် ဘာသာစကား၊ ကျိုးကြောင်းစပ်ဆက် စဉ်းစားတတ်တဲ့ ဥာဏ်ရည်၊ တီထွင်ဖန်တီးမှု စွမ်းရည်၊ပြသနာဖြေရှင်းနိုင်မှု စတာတွေ ပါပါတယ်။ ဒီ သိမှု ဥာဏ်ပိုင်း ဆိုင်ရာဖွံ့ဖြိုးမှု ဟာ ကိုယ်ကာယ ဖွံ့ဖြိုးမှု နဲ့ စပ်ဆက်လို့ နေတယ်လို့ ပညာရှင်များက ဆိုကြပါတယ်။ ကလေးတို့ဟာ ပြေးရင်း၊ လွှားရင်း ကစားမယ်။ အရုပ်ကလေးတွေကို ဆက်မယ်၊ ပုံဆွဲမယ်၊ ကြိုးသီမယ် စတဲ့ ကစားနည်းတွေကို ကစားရင်းနဲ့ ကြွက်သားငယ်၊ကြွက်သားကြီးတွေသန်စွမ်းလာပါတော့တယ်။ အဲဒီ့ကစားနည်းတွေကို ကစားရင်းမှာပဲ ကျွဲ ကူးရေပါဆိုသလိုပဲ သိမှု ဥာဏ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု တွေဟာ တစ်ပါတည်း ပါသွားကြတော့တာပါ။ ဥပမာ- မီးသတ်တမ်း ကစားတယ် ဆိုပါတော့ မီးသတ်ကားနဲ့ ပါတ်သတ်တဲ့ အသုံးနှန်းတွေကို ကလေးဟာ ကစားရင်းနဲ့ သုံးသွားပါတယ်။ အဲဒီ့ အချိန်မှာပဲ မီးလောင်ရင် ရေနဲ့ ဖြန်းမယ်ဆိုတဲ့ (ကျိုးကြောင်းစပ်ဆက်မှု) ၊ ကစားတဲ့နေရာမှာ မီးသတ်ပိုက်လုပ်ဖို့၊ မီးသတ်ကားလုပ်ဖို့ အတွက် ရှိတဲ့ ပစ္စည်းနဲ့တီထွင်ရတဲ့ အတွက် တီထွင် ဖန်တီးမှု၊ ဘာတွေကို ဘယ်လို လုပ်မယ်၊ ဘယ်လို ကစားမယ်။ ကစားရင်းနဲ့သူငယ်ချင်း အချင်းချင်း ပြဿနာဖြစ်လာရင် ၊ ကစားနည်းမှာပြဿနာပေါ်လာရင် ဖြစ်လာတဲ့ပြဿနာကို ဖြေရှင်းရတဲ့အတွက် ပြဿနာ ဖြေရှင်းမှု စတာတွေကို ကလေးဟာ ရလာပါတော့တယ်။ ဒါတွေဟာ ကလေးတစ်ယောက် အတွက် သိပ်ကို မှ အရေးကြီးတဲ့ ၊လိုအပ်တဲ့ ဖွံ့ဖြိုးမှု တွေကို ကစားရင်းနဲ့ ရသွားတာပါ။ ဒီလို ကစားရင်းနဲ့ပဲ ကလေးတွေဟာနောက်ထပ် အရေးကြီးတဲ့ ဖွံ့ဖြိုးမှု ကြီးတစ်ခု ကိုလည်း ရရှိသွားပါတယ်။ ဒါကတော့ လူမှုပေါင်းသင်းမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ပါပဲ။
လူမှု ပေါင်းသင်းဆိုင်ရာဖွံ့ဖြိုးမှု ( Social Development)
လူမှု ပေါင်းသင်းမှု ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ဆိုတာကတော့ လူအချင်းချင်းပေါင်းမှု သင်းမှု ပဲ။ ကလေးငယ်လေးတွေ အတွက် ဒီစွမ်းရည်ကို ဘယ်က ရနိုင်မလဲ လို့ မေးရင် ကစားရင်းကနေ ပဲ အများဆုံး ရစေနိုင်တယ်လို့ ပဲဖြေရမှာပါပဲ။ ကစားရင်းကနေ ကလေးတွေဟာတ စ်ယောက် နဲ့ တစ်ယောက် ဝေမျှ ကစားတတ်လာကြတယ်။ စုပေါင်းကစား တတ်လာတယ် ပြီးတော့ ကစားဝိုင်းမှာ ကစားရင် စည်းမျဉ်းတွေကို လိုက်နာရတယ် ဆိုတာကို လည်း သိလာကြတယ်။ ဝေမျှ မှု ၊စုပေါင်းလုပ်ဆောင်မှု၊ စည်းကမ်းလိုက် နာမှုတွေ ဆိုတာက Social Development လို့ ခေါ်တဲ့လူမှု ပေါင်းသင်း ဆိုင်ရာ ဖွံ့ဖြိုးမှု အတွက်အရေးကြိးတဲ့အရာတွေ ပဲ။ ကလေးတွေဟာ ငါးနှစ်အောက်မှာတုံးက ကစားခဲ့ကြပေမယ့် ဖွံ့ဖြိုးမှု တွေကို အကုန်စင်မလုပ်နိုင်ခဲ့သေးပါဘူး။ လေးနှစ်ကျော် ၊ငါးနှစ် အရွယ်ကို ရောက်လာချိန်မှာတော့ သူတုိ့ရဲ့ ဘာသာစကား စွမ်းရည်ကလည်း ပိုဖွံ့ဖြိုးလာပြီးတော့ ငယ်ငယ်ကထက် စာရင် ပိုပြိးတော့လည်း ပြေးနိုင်၊ကစားနိုင်လာ၊ သန်စွမ်းလာပါတော့တယ်။ ဒီအချိန်မှာ ကလေးအချင်းချင်း ကစားဖို့ ဆိုတဲ့ အရာဟာ သိပ်ကို အေ၇းကြီးလှပါတယ်။ ငယ်ငယ်မှာ ကလေးအချင်းချင်း မကစားခဲ့ရတဲ့ ကလေးတွေဟာ ကြီးပြင်းလာချိန်မှာ သူတို့ရဲ့ လူမှု ပေါင်းသင်းမှု ဆိုင်ရာ ဖွံ့ဖြိုးမှု အားနည်းကြတာကိုတွေ့ရပါတယ်။ လူအချင်းချင်း ပေါင်းသင်းမှုပိုင်း ဆိုင်ရာဖွံ့ဖြိုးမှု ပြီးတော့ နောက်ထပ် ဖွံ့ဖြိုးရမယ့် အရာကတော့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုပါပဲ
စိတ်ခံစားမှု ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု( Emotional Development)
လူတိုင်းလူတိုင်းမှာ ပျော်တာ ၊၀မ်းနည်းတာ၊ ဒေါသထွက်တာ စတဲ့စိတ်ခံစားချက် တွေ ကိုယ်စီရှိကြပါတယ်။ စိတ်ခံစားချက်ကို ခံစားတဲ့ အလုပ်ကို လုပ်တာ ဟာ ဦးနှောက် ညာဘက်ခြမ်းက လုပ်တာဖြစ်ပြီးတော့။စိတ်တိုတာကို စိတ်တိုမှန်းသိတာ(တစ်နည်းပြောရရင် နာမည်တပ်တတ်တာ) ကိုတော့ ဦးနှောက်ဘယ်ဘက်ခြမ်းက လုပ်ပါတယ်။ ကလေးတွေမှာ လူကြီးတွေမှာလိုပဲ စိတ်ခံစားချက်ကိုယ်စီရှိကြတယ်။ ဒါပေမယ့် ဒေါသထွက်ရင် ဘယ်သူ့ကို မှ ရိုက်လို့မရဘူး။ ကိုက်လို့မရဘူး ။ သူငယ်ချင်းတွေ နဲ့ ကစားတဲ့ အချိန်မှာ ကိုယ်တစ်ယောက်တည်း အနိုင်ယူလို့မရဘူး။ ကိုယ့်ကြောင့် သူငယ်ချင်း ၀မ်းနည်းသွားအောင်မလုပ်ရဘူး စတဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက် ကို ထိန်းနိုင်၊ သိမ်းနိုင်စေတဲ့ တစ်နည်းပြောရရင် အတ္တကြီး၊တစ်ကိုယ်ကောင်းဆန်တဲ့ ကလေးတွေ မဖြစ်လာစေဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ကလေးတွေ ရရှိဖို့ လုပ်ပေးဖို့လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ရရှိအောင်လို့ ငယ်ငယ်ကတည်းက လေ့ကျင့်ပေးဖို့ လိုသလိုပဲ ကလေးတွေ ကျောင်းတတ်တဲ့အချိန်ဟာ ကလေးများစွာ ၊လူများစွာနဲ့ သူတို့လေးတွေ စတင်တွေ့ရှိတဲ့ အချိန်ပါပဲ။ ဒီအချိန်ဟာ ကလေးတွေရဲ့ စိတ်ခံစားမှု ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ဟာလည်း အားပိုကောင်းလာပါပြီ။ Emotional Development ကို သင်ပေးဖို့ အတွက် အကောင်းဆုံး အရာကတော့ ကစားတာ၊ စာအုပ်ကလေးတွေဖတ်တာ၊ ကဗျာ ရွတ်ပြတာ၊ သီချင်း ဆိုတာ စတာတွေ ပါပဲ။ ဒီအရွယ်မျာ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးအောင်လို့ ကလေးတစ်ယောက်ကို လုပ်ပေးထားနိုင်မယ် ဆိုရင် အဲဒီ့ကလေးဟာ သူကြီးပြင်းလာလို့ လူကြီးတစ်ယောက်ဖြစ်လာချိန်မှာလည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံခိုင်တဲ့ စိတ်ဥာဏ်ရည်မြင့်တဲ့လူကြီးတွေ ဖြစ်လာကြမှာပါပဲ။
ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု Moral Deavelopment
ကိုယ်ကျင့်တရား ကောင်းဖို့ ဆိုတဲ့ အရာဟာ တကယ်တော့ ကလေးတစ်ယောက် (တစ်နည်းပြောရရင်) လူတစ်ယောက် အတွက် အရေးကြီးတဲ့ အရာပါပဲ။ ကိုယ်ကျင့်တရားဆိုတာဟာ တကယ်တော့ အမှန်နဲ့ အမှားကို ခွဲခြားသိဖို့ပါပဲ။ လိမ်မပြောရင် ကိုယ့်ကို လူတွေက မယုံတေ့ဘူး။ အလိမ်ခံရတဲ့လူက လည်း ၀မ်းနည်းမယ်။ အဲဒီ့အတွက် လိမ်ပြောတာဟာ ကိုယ့်အတွက်ရော၊သူများအတွက်ပါ မကောင်းဘူး။ဒါကြောင့် လ်ိမ်မပြောရဘူး ဆိုတာကို သင်ကြားပေးတာမျိုးမှာ ။ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ရှိတဲ့ လူတစ်ယောက် (သို့) ကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် နဲ့ သူများကို ထိခိုက်အောင် မလုပ်တော့ပါဘူး။ ကလေးတွေ ကိုယ်ကျင့်တ၇ားပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ရှိအောင်လုပ်ဖို့ အတွက် အခြေခံကတော့ ချစ်ခြင်းမေတ္တာပါပဲ။ ကလေးတွေကို လူကြီးတွေကိုယ်တိုင် က လူကြီးတစ်ယောက်လို လေးလေးစားစားနဲ့ ဆက်ဆံမယ်။သူ့ရှေ့မှာ လူကြီးတွေ ကိုယ်တိုင်က မဟုတ်တာမလုပ်ဘူး။ မမှန်တာမပြောဘူး။ ကလေးတွေကိုပျော်ရွှင်အောင်ထားမယ်ဆိုရင် ကိုယ်ကျင့်တ၇ားပိုင်းဆိုင်ရာဖွံ့ဖြိုးတဲ့ ကလေးတွေဖြစ်လာမှာပါ။
ကလေးတွေ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာဖွံ့ဖြိုးမှုဟာလည်း တခြားဖွံ့ဖြိုးမှု တွေ နဲ့ ဆက်စပ်နေပါတယ်။ လူမှု ပေါင်းသင်းရေးဆက်ဆံရေးစွမ်းရည်ကောင်းပြီးတော့ ကိုယ့် စိတ်ခံစားချက်ကို ကိုယ့်ဘာသာ ထိန်းသိမ်းမောင်းနှင် နိုင်တဲ့ ကလေးတစ်ယောက်ဟာ သူ့အလိုလို ကိုယ်ကျင့်တရားပိုင်းဆိုင်ရာဖွံ့ဖြိုးမှု လည်းကောင်းလာတာပါပဲ။ ဒီလို ကောင်းလာတဲ့ ကလေးတွေ ဟာ ကြီးလာတဲ့အချိန်မှာ သူ့မိသားစုကို၊ သူ့နိုင်ငံကို ၊ သူ့လူမျိုးအတွက် ဂုဏ်ယူစရာလူတွေ ဖြစ်လာမှာပါပဲ။
ဒီစွမ်းရည်တွေကို တစ်ပြိုင်နက်တည်း ရအောင် ဖွံ့ဖြိုးဖို့ အတွက် အရေးကြီးဆုံး ကတော့ ကလေးဘ၀ ကာလကို မကျော်လွန်သေးတဲ့ တစ်နည်းပြောရရင် ကစားရင်းနဲ့သင်ယူဖို့ လိုကို လိုအပ်သေးတဲ့ ဒီအချိန်မှာ ကလေးတွေကို ကစားခိုင်းရပါမယ်။ ကလေးတို့ ပြေးလွှားကစားဖို့လိုသလို၊ အုပ်စုဖွဲ့ ကစားဖို့လိုတယ်။ ငြိမ်ငြိမ်ထိုင်ကစားတဲ့ ကစားနည်းတွေလည်း ကစားဖို့လိုတယ်။ ပုံပြင်လေးတွေ နားထောင်ဖို့၊ ကဗျာလေးတွေ ရွတ်ဆိုဖို့ ၊ ကခုန်ဖို့ ၊ သူစိတ်ကူးထဲမှာ ပေါ်တဲ့ ပုံလေးတွေကို သူဆွဲချင်သလို ဆွဲဖို့လိုတယ်။ အဲဒီလို လုပ်ရင်းနဲ့ပဲ ကလေးဟာ သူ့အတွက် လိုအပ် တဲ့ ဖွံ့ဖြိုးမှု တွေကိုရရှိသွားမှာပါ။
ကစားရင်းနဲ့ သင်ကြားမယ်
ဒီတော့ ကလေးတွေကို ကစားပဲ ကစားခိုင်းမယ် ၊ စာမသင်ရတော့ဘူးလားလို့ တွေးစရာပါပဲ။ ကလေးတွေဟာ ကစားကြပါပြီ။ ကစားရင်းနဲ့ ပုံဆွဲရင်းနဲ့ အေ၇ာင်လေးတွေသိလာမယ်၊ အနီနဲ့ အဝါ စပ်ရင် လိမ်မော်ရောင် ရမယ် ဆိုတာကို ပုံဆွဲ ရင်းအေ၇ာင်စပ်ရင်းနဲ့ နားလည်လာမယ်။ ပုံပြင်လေးတွေ နားထောင်ရင်း၊ ကစားရင်းနဲ့ တစ်နှစ်သုံးလေးကို သိလာမယ်။ စာဖတ်ပြရင်းနဲ့ ပဲ ကကြီး ခကွေး၊အေဘီစီဒီကို သိလာပါမယ်။ ကဗျာလေးတွေကို ရွတ်ရင်းနဲ့ ကာရန် သဘောကို သိလာစေတယ်။ ဒီကာရန် ကာနောက်ပိုင်းမှာ ကလေးတို့ က ကာ ကား၊ အ အာ အား စသဖြင့် ဗျဉ်း နဲ့ သရ ပေါင်းတဲ့အချိန်မှာ အသံမှန်စွာထွက်နိုင်စေဖို့ အတွက် နဲ့နားလည်နိုင်စေဖို့ အရေးသိပ်ကြီးတာမို့ ကလေးတို့ဟာ ကာရန် ဆိုတာကို သိနေဖို့ အတွက် ကဗျာလေးတွေ ဖတ်ပြ၊ သီချင်းလေးတွေ ဆိုပြရတာပါ။ ကလေးတို့သူငယ်တန်း သင်ခန်းစာ ထဲမှာ ကကြ၊ ခုန်ကြ၊ ကဗျာတွေ ရွတ်ကြတယ်ဆိုတာဟာ အလကားအချိန်ဖြုန်းနေတာမဟုတ်ပါဘူး။ ကလေးရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးရေးအတွက် အရေးကြိးတဲ့ ဖွံ့ဖြိုးရေးတွေကို ရဖို့အတွက် လုပ်ပေးနေတာပါပဲ။
စနစ်ဟောင်းသူငယ်တန်း နဲ့ စနစ်သစ်သူငယ်တန်း
စနစ်ဟောင်းသူငယ်တန်းမှာ ကလေးတွေ ဟာ ကကြီး ခကွေးတွေကို သိရုံ၊ရေးတတ်ရုံတင် မကဘူး။ စာကြောင်လေးတွေကို ပါ ရေးနိုင်၊ဖတ်နိုင်လာပါပြီ။ ဒါပေမယ့် စနစ်သစ် သူငယ်တန်းမှာတော့ ကလေးငယ်လေးတွေ ဟာ စာတွေကိုသိပ်မသိသေးပါဘူး။ ဒီတော့ ကလေး က စနစ်ဟောင်းမှာတုံးက စာပိုတတ် တယ်လို့ မိဘ၊ ဆရာတစ်ချို့ က ထင်ကြပါတယ်။ အဲဒီလို ထင်မြင်မှုကြောင့်ပဲ ကျောင်းက မသင်ပေးတဲ့ စာတွေကို သင်ဖို့ ဆိုပြီး ကလေးတွေကို စာသင် ကျူရှင်တွေ ပို့ကြပါတော့တယ်။
ကလေးဟာ စာရေးဖို့ အတွက် ကြွက်သားတွေသန်စွမ်းဖို့လိုပါတယ်။ သူ့စိတ်ကူး အတွေးတွေ ကို လွတ်လပ် စွာ တွေးနိုင်ဖို့လိုပါတယ်။ စကားလုံးတွေ ကြွယ်၀ စွာသုံးနိုင်ဖို့လိုပါတယ်။(ဥပမာ-ရေအေးတယ် ဆိုရင် ရေက အေးစက်နေတာပဲ၊ ရေ က အေးစိမ့်နေတာ၊ ရေခဲရေလေးလိုပဲ အေးနေတာပဲ၊ စမ်းချောင်းထဲက ရေကျနေတာပဲ အေးနေတာ) စသဖြင့် ကလေး တစ်ယောက်နဲ့ တစ်ယာက် ဟာ ရေအေးတာကိုပဲ သုံးတာမတူပါဘူး။ ကလေးရဲ့ ဘာသာစကား အသုံးပြုပုံ ကြွယ်၀မှုကို လိုက်ပြီးတော့ ကွာခြားသွားတာပါ။ ဒီလိုဘာသာစကား ကြွယ် ၀ စွာ သုံးနိုင်ဖို့ အတွက် က ကလေးအချင်းချင်းဆော့ကစားဖို့၊ ပုံပြင်လေးတွေ ဖတ်ဖို့၊စာအုပ်လေတွေ ဖတ်ဖို့၊ ကဗျာရွတ်ဖို့လိုပါတယ်။ ကျွန်မတို့ဟာ စနစ်ဟောင်းက အစိုးရစာသင်ကျောင်းတွေ မှာ ကလေးဟာ မနက်ကိုးနာရီကနေ ညနေသုံးနာရီထိ စာတွေ ချည်းပဲထိုင်သင်ရတဲ့သင်နည်းစနစ် ဟာ ကလေးတို့ရဲ့ ဦးနှောက်ဥာဏ်ရည်ကို တုံ့နှေးသွားစေဖို့ လုပ်တဲ့ ပညာရေးစနစ်ဖြစ် နေပါတယ်။ ကကြီး ၊ခကွေးဗျည်းအက္ခရာတွေသိဖို့။ ကကာကား စတဲ့ ဗျည်းနဲ့့သရ ပေါင်းတာကို ကလေးပေါင်းတတ်ဖို့ က အချိန်တန်ရင် တတ်လာမှာပါ။ ညက်အောင်ထွန်ထားတဲ့ မြေကြီးပေါ်မှာ ဘာပင်စိုက်စိုက် အလွယ်တကူ ပေါက်သလိုပဲ ဦးနှောက် ဥာဏ်ရည်ဖွံ့ဖြိုးအောင် လုပ်ပေးထားတဲ့ ကလေးတစ်ယောက် အတွက် ကြီးလေလေ သင်ဖို့လွယ်လေလေ ပါပဲ။
ဒီတော့သူငယ်တန်းမှာ စာတွေမသင်ဘဲနဲ့ ဘာကြောင့် ကဗျာတွေ၊ ပုံပြင်တွေ၊ ကစားဖို့ တွေ ကို လုပ်ပေးနေရလဲ ဆိုတဲ့ မိဘ၊ဆ၇ာတစ်ချို့ သိချင်နေတဲ့ မေးခွန်းကို အတိုချုပ်အနေနဲ့ပြောရရင်တော့ ကလေးတို့ ဦးနှောက် ဟာ မွေးစကနေ ခုနှစ်နှစ်တာကာလ မှာ ဖွံ့ဖြိုးဖို့ အတွက် တည်ဆောက်နေတဲ့ ကာလ ပဲ ဖြစ်ပါတယ်။ဒီတည်ဆောက်စဲ ကာလ ဖြစ်တဲ့ ငါးနှစ်ကျော်အရွယ်မှာ ဖွံ့ဖြိုးမှုတွေကို ကလေးတို့ မရရှိတော့ဘဲနဲ့ ဦးနှောက် ဥာဏ်ရည်မဖွံ့ဖြိုးတဲ့ ကလေးတွေ (တစ်နည်းပြောရရင်)လူကြီးတွေ မဖြစ်လာစေဖို့ အတွက် သူငယ်တန်းမှာ စာ မှ စာ ဆိုတဲ့ စာသင်တဲ့ စနစ်ကို ပြောင်းရတာပါပဲ။
ဒါပေမယ့် စနစ်သစ်ကိုပြောင်းတဲ့အချိန်မှာ စာသင်ခန်းတွေမှာ တကယ်ပြောင်းလဲဖို့နဲ့ ၊ တကယ့်အစစ် ဖြစ်ဖို့ တော့လိုပါတယ်။ ကလေးတို့ရဲ့သူငယ်တန်း စာသင်ခန်းမှာ ဆရာမနဲ့ ကလေးတွေ မျိုးစုံအောင် ဆော့ကစားကြတဲ့၊ ကလေးတွေ ရဲ့ ထောင့်ကနေ ၀င်ကြည့်နိုင်တဲ့၊ ပျော်စရာကောင်းတဲ့ မူလတန်း စာသင်ခန်းကြီးတွေ အများကြီး ကျွန်မတို့နိုင်ငံမှာ ပေါ်လာပြီ ဆိုရင်တော့ ဖြင့် နောင်အနာဂါတ် အနှစ်နှစ်ဆယ် မှာ စိတ်ရော၊ကိုယ်ပါ ဖွံ့ဖြိုးကျန်းမာတဲ့ နိုင်ငံသားကောင်းတွေကို ကျွန်မတို့မြင်ရနိုင်မှာပါပဲ။
ခေတ်ဘုန်းသစ်