အိပ်ပျော်နေစဉ်ဟောက်ခြင်းဟာ ကလေးအသက်အရွယ်မရွေး တွေ့ရတတ်ပါတယ်။ တစ်နှစ်အောက်ကလေးကနေ တက္ကသိုလ်ဝင်တန်း ဖြေခါနီး လူငယ်လေးတွေလည်း တွေ့ရပါတယ်။ အများဆုံးကတော့ အသက်၃နှစ်အရွယ်ဝန်းကျင် ကလေးတွေပါပဲ။ ဟောက်ခြင်းဟာ ကျန်းမာရေးရှုထောင့်အရတော့ ဆိုးကျိုးလေးတွေ အနည်းနဲ့အများဆိုသလို ရှိနိုင်ပါတယ်။
ဟောက်သံဆိုတာက လေပြွန်နဲ့ အာခေါင်ထိပ်လမ်းကြောင်းက အိပ်ပျော်နေတုန်း ကျဉ်းသွားတဲ့အချိန်မှာ အဆုတ်ကလေရှူသွင်းတော့ လေလမ်းကြောင်း ကျဉ်းကျဉ်းလေးဖြစ်နေတဲ့ လေပြွန်ကို လေတိုးတော့ ထွက်လာတဲ့ အသံပါပဲ။
ဒါပေမယ့် ဟောက်တာကပြဿနာမဟုတ်ပါဘူး။ ဟောက်ပြီး အောက်ဆီဂျင်ပြတ်တာက ကိုယ်ခန္ဓာအတွက် အန္တရာယ်ပါ။ အာသီးကြီးနေတဲ့ကလေးတွေ ၊ အဝလွန်ကလေးတွေ ၊ မွေးရာပါ မျက်နှာနဲ့ မေးရိုးပုံမမှန်ဖြစ်နေတဲ့ ကလေးတွေ ၊ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာအခံရှိနေတဲ့ကလေးတွေမှာ အများဆုံး တွေ့ရှိရပါတယ်။ ညအိပ်နေတုန်းဟောက်တဲ့ကလေးတွေ အားလုံးတစ်ချက်တစ်ချက် အသက်ရှူရပ်သွားတတ်ပါတယ်။
၁၀စက္ကန့်လောက်နီးပါးအသက်ရှူရပ်သွားတယ်။ ပြီးတော့ပြန်ရှူတယ်။ ကြာလာတဲ့အခါ နှလုံးနဲ့အဆုတ်မှာ ရောဂါတွေ ရနိုင်တယ်။ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို များစွာ ထိခိုက်စေပါလိမ့်မယ်။ အိပ်တဲ့အခါမှာ လည်ပင်းပုံစံက ပုံမှန်မဟုတ်ဘဲ ဖြစ်နေမယ်။ ကလေးအသက်ရှူရခက်လို့ လှုပ်ရွပြီးအိပ်နေရမယ်။ နောက်ရက်နိုးလာရင် အိမ်မှာဖြစ်ဖြစ် ကျောင်းမှာဖြစ်ဖြစ် မကြာခဏ ဂျီကျနေတယ်ဆိုတဲ့ လက္ခဏာတွေတွေ့ရင် သက်ဆိုင်ရာ ဆရာဝန်ရဲ့ စမ်းသပ်စစ်ဆေးမှု လိုအပ်ပါမယ်။
အာသီးကြီးတဲ့ကလေးတွေ ညအိပ်တုန်းအောက်ဆီဂျင်ပြတ်တယ်ဆိုရင် နား၊ နှာခေါင်း ၊ လည်ချောင်း ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး အာသီးခွဲစိတ်ကုသမှု ခံယူသင့်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ခွဲစိတ်ကုသမှု မခံယူနိုင်ဘူးဆိုရင် CPAP လို့ ခေါ်တဲ့ အောက်ဆီဂျင်စက်နဲ့ ညအိပ်စဉ်မှာ ရှူပေးရမှာ ဖြစ်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး