မိခင်တိုင်းကတော့ မိမိရဲ့ ရင်သွေးငယ်လေးကို ဉာဏ်ကောင်းစေချင်ကြတာချည်းပါပဲ။ မွေးကင်းစအရွယ် အိပ်မှု ၊ စားမှုနဲ့ ငိုဖို့ပဲသိသေးတဲ့ ရင်သွေးငယ်လေးကို စာရေးစာဖတ်စွမ်းရည် တိုးတက်လာစေဖို့ ပြုလုပ်ပေးရမယ့် အရာတွေ ရှိနေပါတယ်။
ရင်သွေးငယ်လေးတွေဟာ တစ်နှစ်သားအရွယ်ကနေစတင်ပြီး ခဲတံစတင်ကိုင်လာနိုင်ပြီး စာရွက်ပေါ်မှာ ဟိုဟိုဒီဒီ လျှောက်ခြစ်ကြည့်နိုင်ပါပြီ။ တစ်ယောက်နဲ့တစ်ယောက် ဖွံ့ဖြိုးမှုနှုန်း မတူညီကြဘဲ တစ်ချို့ရင်သွေးငယ်လေးများဟာ တစ်နှစ်ခွဲအရွယ်လောက်မှာ သိသိသာသာ ရေးခြစ်မှု တိုးတက်လာပါတယ်။
၂နှစ်သားကျော်လာပြီဆိုရင်တော့ စာရွက်ပေါ်မှာ ရေးခြစ်မှုများဟာ တကယ့်အရာဝတ္ထုများကို ကိုယ်စားပြုနိုင်လာပြီး အရောင်များပါ ထည့်သွင်းလာနိုင်ပါတယ်။ ပန်းချီဆွဲခြင်းနဲ့အတူ အရာဝတ္ထုများရဲ့အမည်များ ထိုမှတဆင့် ဘာသာစကားစွမ်းရည်ပါ တိုးတက်လာမှာ ဖြစ်ပါတယ်။
၃နှစ်ပြည့်ခါနီးမှာတော့ ခဲတံကို ကျကျနနကိုင်နိုင်လာပြီး စာကို တဖြောင့်တည်း ရေးတတ်အောင် စတင်လေ့ကျင့်ပေးလို့ရပါပြီ။ အက္ခရာစာလုံးများ ရေးသားရာမှာ အစပိုင်း အလွန်ဆိုးရွားတဲ့ပုံသာ ထွက်ပေါ်နိုင်ပေမယ့် တဖြည်းဖြည်း စိတ်ရှည်ရှည်နဲ့ လေ့ကျင့်ပေးသွားရပါမယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး