ကလေး ကျို့ထိုးခြင်း ကုထုံးများ
===*===*===*===*===*
မေမေတို့ မသိပေမယ့် သားသားမီးမီးများက မေမေ့ ဗိုက်ထဲမှာနေကတည်းက ကျို့ထိုးတာပါ။ လူ့သက်တမ်းတလျောက် ကျို့ထိုးတဲ့ အကြိမ်ရေ အများဆုံးနှစ်က မွေးစ ပထမဆုံးနှစ်ပါ။
တစ်နှစ်အောက်ကလေးများ မကြာခဏကျို့ထိုးတာ ပုံမှန်ပါ။ အခြေခံကျကျ လေ့လာရအောင်။ ကျွန်မတို့ရဲ့ အစာအိမ် လျင်မြန်စွာ ပြည့်တင်းသွားရင် သို့မဟုတ် လိုတာထက် ပိုတင်းသွားရင် အစာအိမ်ရဲ့ အပေါ်က ရင်နဲ့ဝမ်းဗိုက်ခြားတဲ့ ကန့်လန့်ကာ ကြွက်သားလေးကို အစာအိမ်က သွားထိမိပါတယ်။ ထိမိတဲ့ ကြွက်သားလေးက ကိလိထိုးရင် ယားသလိုမျိုး ထထခုန်ပါတယ်။ ကြွက်သားထခုန်ချိန်မှာ လည်မျိုထဲက အသံအိုးလေးက လန့်ပြီး ပိတ်လိုက်တိုင်း ကျို့ထိုးသံလေး ထွက်လာပါတယ်။
ကျို့ထိုးတာ အန္တရာယ် မရှိပါ။ ဒါပေမယ့် မိဘတွေက ကလေး ကျို့ထိုးတာ ကြည့်ပြီး သနားတယ်။ စိတ်ပူတယ်။ ဒါ့ကြောင့် ကလေးများ ကျို့ထိုးတာလျော့ပါးအောင် လုပ်ပေးနိုင်တဲ့ အချက်လေးများကို အုပ်စု ၃ စု ခွဲပြီး အကြံပေးပါမယ်ရှင့်။
(၁) နို့မတိုက်ခင်
=====*=====
-ကလေးတွေ ဗိုက်ဆာရင် ငိုပါတယ်။ အော်ငို ချိန်မှာ မျိုချလိုက်တဲ့ လေတွေက အစာအိမ်ထဲ ရောက်သွားတော့ နို့တိုက်တဲ့ အချိန်ကျ အမြန်ပြည့်တင်းပြီး ကျို့ထိုးပါတယ်။ ဒါကြောင့် ကလေး ငိုလောက်အောင် ဗိုက်မဆာခင် နို့ တိုက်ပါ။
-နို့သီးခေါင်းနဲ့ ကလေးပါးစပ် တည့်ရဲ့လား စစ်ပါ။ ပုံစံ မမှန်ရင် ကလေးစို့လိုက်တိုင်း လေတွေ ပါသွားမှာပါ။
(၂) နို့တိုက်နေစဉ်
=====*=====
- နို့တိုက်ချိန် ကလေးခေါင်းနဲ့ လည်ပင်းလေး မတ်နေပါစေ။ ဒါမှ မျိုထားတဲ့ လေရှိရင်တောင် အပေါ်ကို အလိုလို ထွက်လွယ်မှာပါ။
-နို့ဗူးတိုက်ရင် ၄၅ ဒီဂရီ အပေါ်ထောင်တိုက်ပါ။ နို့ဗူးရဲ့ ချိုလိမ်ပေါက် မကြာခဏ စစ်ဆေးပါ။ သိပ်ကျယ်နေရင် အစာအိမ် အမြန်တင်းကားသွားနိုင်ပါတယ်။
- နို့တိုက်ရင်း ကလေးအသက်ရှူသံ နားထောင်ပါ။ လည်ပင်းထဲ ဂွီးဂွီးဂေါ်ဂေါ် စဆူညံလာရင်နို့တိုက်ခဏ ရပ်ပါ။ လေထုတ်ပေးပါ။ ကလေးနို့စို့မြန်တဲ့ အသံမို့လို့ အစာအိမ် အမြန် ပြည့်ကားမသွားအောင် တားဆီးတာပါ။
-နို့တိုက်ရင်း ကျို့ထိုးလာရင် ၁၀-၁၅ မိနစ်လောက် ရပ်လိုက်ပါ။ အစာအိမ် ထပ်မတင်းကားအောင် အချိန်ပေးတာပါ။ ပမာန နည်းနည်းနဲ့ အကြိမ်ရေ ပိုတိုက်ပါ။
(၃) နို့တိုက်ပြီးချိန်
=====*=====
-ကျို့ထိုးတတ်ရင် နို့တိုက်ပြီးတိုင်း ပြည့်နေတဲ့ အစာအိမ်ထဲက လေကိုထုတ်ပေးပါ။ ကလေးကို မိနစ် ၂ဝကြာ မတ်တပ်ချီပါ။
-ကျို့ထိုးလာရင် လေထပ်ထုတ်ပေးပါ။
-မရရင် ကျောကို ပွတ်ပေးတာ၊ အားမသုံးပဲ ဖွဖွလေးပုတ်ပေးတာမျိုး လုပ်နိုင်ပါတယ်။
-ဆက်ကျို့ထိုးနေသေးရင် ချိုလိမ်လေး တပ်ပေးလိုက်ပါ။
-ဆက်ထိုးနေသေးရင် ဘာမှ မလုပ်ပဲ အလိုလိုရပ်သွားချိန်ကိုသာ စောင့်လိုက်ပါ။
*****ကလေးကို ခြောက်လှန့်ခြင်း, ကလေးလျှာကို ဆွဲထုတ်ခြင်းများက ကျို့ထိုးတာကို မရပ်တန့်စေပဲ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ****
#နေနေမိုးဆွေ ( Child Health Myanmar Page)
#naynaymoeswe