မေမေတို့ရေ နေအိမ်တွေမှာအမြဲတမ်းသုံးစွဲနေတဲ့ သာမိုမီတာတွေကျိုးသွားတာမျိုးတွေဖြစ််တတ်ပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးကြောင့် ပြဒါးအနည်းငယ်ဖိတ်စင်သွားတာမျိုး၊ အခြားပြဒါးနဲ့ဆက်စပ်တဲ့ပစ္စည်းတွေ အသုံးပြုမှုကြောင့် ပြဒါးတွေဖိတ်စင်သွားတာမျိုးကြုံတွေ့ရတတ်ပါတယ်။ နည်းလမ်းတကျဖယ်ရှားမှုမပြုဘူးဆိုရင်တော့ နေအိမ်မှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေ၊ သက်ကြီးဘိုးဘွားတွေအတွက် ထိခိုက်အန္တရာယ်ရှိနိုင်ပါတယ်။ ပြဒါးရည်တွေဖိတ်သွားပြီဆိုရင် ..
- ပြဒါးရည်ဖိတ်စင်တဲ့အခါသေးငယ်တဲ့ အရည်လုံးတွေနဲ့ပြန့်ကျဲပြီးအခင်းရဲ့ မျက်နှာပြင်ကွဲနေတဲ့ နေရာတွေမှာ ဝင်ရောက်သွားတတ်ပါတယ်။ အဲ့ဒီလိုဖြစ်တဲ့အခါမှာ ဖိတ်စင်တဲ့ပြဒါးရည်ကို သုတ်မပစ်ရပါဘူး။ သုတ်ပစ်မယ်ဆိုရင်တော့ ပြဒါးရည်တွေပျံ့ကျဲပြီးလေထုထဲကို ပြဒါးတွေပိုမိုအငွေ့ပျံသွားနိုင်ပါတယ်။
- ပြဒါးတွေဖိတ်စင်သွားတဲ့နေရာကို ကလေးတွေမလာနိုင်အောင် ထိန်းထားရပါမယ်။
- ရွှေနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေကို ပြဒါးရည်နဲ့ဝေးအောင် ဖယ်ရှားရပါမယ်။
ဖယ်ရှားနည်းကတော့ ...
- ပထမဦးစွာ လက်အိတ်ဝတ်ဆင်ရပါမယ်။
- ဖန်ကွဲစများရှိပါက သေချာစွာကောက်ယူပြီး စက္ကူပေါ်မှာတင်ကာ ပလတ်စတစ်အိတ်ထဲကို လုံအောင်ထည့်ပေးဖို့လိုပါတယ်။
- ကတ်ထူစက္ကူကိုအသုံးပြုပြီး ပြန့်ကျဲနေတဲ့ပြဒါးအရည်လုံးတွေကို စုထားရမှာဖြစ်ပါတယ်။
- မျက်စဉ်းခပ်တံလိုအရည်စုပ်ယူနိုင်တဲ့ ကိရိယာကိုအသုံးပြုပြီး ပြဒါးရည်ကိုစုပ်ယူရပါမယ်။
- စုပ်ယူပြီးပါက ပြဒါးရည်ကို တစ်ခါသုံးစက္ကူ ပုဝါအစို(ဒါမှမဟုတ်) အဝတ်အစိုတစ်ခုထဲသို့ ညှစ်ချလိုက်ရပါမယ်။ စက္ကူ ပုဝါအစို (ဒါမှမဟုတ်) အဝတ်အစိုကို ပလတ်စတစ်အိတ်ထဲကို ထည့်ရပါမယ်။
- ကျန်ရှိနေတဲ့ပြဒါးရည်နဲ့ ဖန်ကွဲအမှုန့်တွေကို တိတ်နဲ့ကပ်ယူရပါမယ်။
- ကပ်ယူထားတဲ့တိတ်တွေကို ပလတ်စတစ်အိတ်ထဲသို့ထပ်ထည့်ရပါမယ်။
- လက်အိတ်ကိုချွတ်ပြီး အဲ့ဒီပလတ်စတစ်အိတ်ထဲကို ထပ်ထည့်ကာ အိတ်ကိုလေလုံအောင်ပိတ်ရပါမယ်။
- ပလတ်စတစ်အိတ်တွေအားလုံးကို အမှိုက်သိမ်းအိတ်ထဲသို့ထည့်ပြီး ဒေသရှိ အမှိုက်သိမ်းစနစ်အတိုင်း စွန့်ပစ်ရပါမယ်။
- ပြဒါးဖိတ်စင်ထားတဲ့အခန်းရှိ ပြတင်းပေါက်တွေကိုဖွင့်ထားပြီး ပန်ကာကို ၂၄ နာရီဖွင့်ထားကာ ကျန်ရှိနေတဲ့ပြဒါးတွေကိုအငွေ့ပျံအောင် ပြုလုပ်ထားရမှာဖြစ်ပါတယ်နော်။
ပြဒါးတိုင်တွေက အိမ်တိုင်းလိုလိုရှိတတ်တယ်ဆိုတော့ မိသားစုတိုင်းက ဒီစာလေးကို သေချာလေးမှတ်သားထားဖို့လိုအပ်ပါတယ်မေမေတို့ရေ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး