အမျိုးသမီးအများစုကတာ့ ရင်သားကျန်းမာရေးရဲ့ကောင်းမွန်မှု အကျိုးကျေးဇူးကို နားလည်ခြင်းမရှိခြင်းကြောင့်နဲ့ ပျင်းရိခြင်းကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ ရင်သားကျန်းမာရေးကို လျစ်လျူရှုထားတတ်ကြပါတယ်။ ရင်သားကျန်းမာရေးကို ဂရုစိုက်ပေးပါက နို့ချိုထုတ်လုပ်ခြင်းကို ကောင်းမွန်စေရုံသာမကသေးဘဲ ရင်သားရဲ့ ပုံသဏ္ဍာန်ကိုလည်းပုံကျ လှပစေမှာပါ။
ကိုယ်ဝန်ဆောင်နေစဉ်မှာ ရင်သားရဲ့အလေးချိန်ဟာ ပုံမှန်ထက် ၁ ဆခွဲ ပို၍လေးလာပါတယ်။ ကောင်းမွန်သော နို့ချိုတိုက်ကျွေးမှုကို လုပ်နိုင်ရန်အတွက်တော့ မှန်ကန်သော ကျန်းမာရေး အလေ့အကျင့်များကို လိုက်နာဖို့လိုပါတယ်။ ပထမဆုံးအကြိမ်ကိုယ်ဝန်ဆောင်ခြင်းဖြစ်ရင်တော့ ပိုလို့တောင်ဂရုစိုက်ဖို့လိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်နေစဉ်သိထားရမယ့် အချက်များကတော့ နို့သီးခေါင်းကွဲခြင်းနဲ့ နို့သီးထိပ်မည်းလာခြင်း၊ ပို၍ကြီးလာခြင်းတို့ဖြစ်နိုင်ကြောင်း သိထားရပါမယ်။ မှန်ကန်သော ကျန်းမာရေးအရနေထိုင်ခြင်းမှာတော့ ရင်သားဟာ ကိုယ်ဝန် ၅ လလွယ်ထားရချိန်မှာကတည်းက ပတ်လည်မှာနီလာခြင်းနဲ့ချိုးတက်ခြင်းများရှိလာသောကြောင့် သန့်ရှင်းရေးလုပ်ပေးရပါတယ်။ သန့်ရှင်းရေးလုပ်ပေးရာမှာလည်း သန့်ရှင်းသော အဝတ်နှင့် သန့်စင်ပေးခြင်းက လုံလောက်ပါတယ်။
သန့်ရှင်းရေးလုပ်ရာမှာလည်း ဆပ်ပြာ လုံးဝ မသုံးမိဖို့လိုအပ်ပါတယ်။ အကြောင်းကတော့ နို့သီးခေါင်းမှာ သဘာဝအလျောက် အစိုဓာတ်ထိန်းသိမ်းရန်အတွက် အဆီများ ခန်းခြောက်သွားခြင်းကြောင့် နို့သီးခေါင်းကွဲနိုင်ချေ ပိုများသောကြောင့် ဖြစ်ပါတယ်။ နို့သီးခေါင်း နူးညံမှုအတွက်လည်း နှမ်းဆီကို အသုံးပြုနိုင်ပါသေးတယ်။ ရေချိုးချိန်မှာ နို့သီးခေါင်းကို လက်ညှိုးနဲ့ လက်မကို အသုံးပြု၍ ရှေ့သို့ဆွဲဆန့်ခြင်းကလည်း နို့ချိုတိုက်ကျွေးချိန်မှာ နို့ချို စီးကူးမှုကိုကောင်းစေမှာပါ။
ဆီနှင့် ရေကိုအသုံးပြု၍ ရင်သားကို နာရီလက်တံပုံနဲ့ နာရီလက်တံပြောင်းပြန် နှိပ်နယ်ပေးခြင်းကလည်း သွေးလည်ပတ်မှုအားကိုကောင်းမွန်စေပြီး မှန်ကန်သော အတွင်းခံအင်္ကျီ အသုံးပြုမှုကလည်း လိုအပ်သော အထောက်အပံ့ကိုရရှိမှာပါ။ ဒီလို မှန်ကန်တဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်များကို နေ့စဉ်မှန်ကန်စွာ လုပ်ဆောင်သွားမယ်ဆိုရင်တော့ ကလေးမွေးဖွားပြီး နို့ချိန်တိုက်ကျွေးချိန်မှာ ပိုမိုအဆင်ပြေချောမွေ့စေမှာပါ။
မိခင်နှင့် ကလေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး