မိမိရင်သွေးလေးရဲ့ လက်သည်းတွေကို ပုံမှန်ညှပ်ပေးသင့်ပါတယ်။ မွေးကင်းစရင်သွေးငယ်လေးရဲ့ လက်သည်းတွေဟာ ပျော့ပြောင်းပြီး မျက်နှာနှင့် ခန္ဓာကိုယ်ကို ကုတ်ခြစ်မိနိုင်တာကြောင့် အလွယ်တကူ ဒဏ်ရာရနိုင်ပါတယ်။
လက်သည်းတွေဟာ ခြေသည်းတွေထက် ပိုမိုလျှင်မြန်စွာ ရှည်ထွက်လာမှာဖြစ်တာကြောင့် တစ်ပတ်ကိုအကြိမ်များစွာ ညှပ်ပစ်ရပါမယ်။ ရင်သွေးငယ်လေးရဲ့ လက်သည်းကိုညှပ်ပေးဖို့ အသင့်တော်ဆုံးအချိန်ကတော့ သင့်ရင်သွေး အိပ်ပျော်နေတဲ့အချိန်ပဲ ဖြစ်ပါတယ်။ နောက်ထပ်မှတ်သားထားရမယ့်အချက်က ရင်သွေးငယ်လေးရဲ့လက်သည်း အနူးညံ့ဆုံးအချိန်ဟာ ရေချိုးပြီးကာစအချိန်ဖြစ်တယ် ဆိုတာပါပဲ။
ရင်သွေးငယ်လေးကို လက်သည်းညှပ်ပေးမယ့်နေရာသည် အလင်းရောင်ကောင်းစွာရသောနေရာ ဖြစ်ရပါမယ်။ ရင်သွေးငယ်လေးအတွက် သီးသန့် ကလေးလက်သည်းညှပ်ကို အသုံးပြုပေးပါ။ ရင်သွေးငယ်လေးရဲ့လက်ကို မိမိရရ ကိုင်တွယ်ထားပြီး လက်သည်းနဲ့အရေပြားအကြား အနည်းငယ် ဟ ထားပေးရပါမယ်။
လက်သည်းများကို ကွေးသောသဏ္ဍာန်ညှပ်ပြီး ခြေသည်းများကို ဖြောင့်တန်းစွာ ညှပ်ပေးရမှာ ဖြစ်ပါတယ်။ ညှပ်ပြီးနောက် ကြမ်းတမ်းသော လက်သည်းအနားများကို ချောမွေ့စေရန် လက်သည်းညှိကိရိယာ (emery board) ဖြင့် ညင်သာစွာ တိုက်ပေးရပါမယ်။ မွေးကင်းစရက်သတ္တပတ် အနည်းငယ်အတွင်းမှာတော့ ရင်သွေးငယ်လေးရဲ့ လက်သည်းကို အဆိုပါ လက်သည်းညှိကိရိယာဖြင့်သာ သန့်ရှင်းပေးသင့်တယ်လို့ ဆရာဝန်များက အကြံပြုထားပါတယ်။
အကယ်၍ ရင်သွေးငယ်လေး အိပ်ပျော်နေချိန်မဟုတ်ဘဲ သာမန်အချိန်မှာ လက်သည်းညှပ်ပေးလိုပါက အခြားတစ်စုံတစ်ယောက်ကို ရင်သွေးငယ်လေးအား အာရုံလွှဲပေးဖို့ အကူအညီတောင်းခံပါ။ ရင်သွေးငယ်လေးရဲ့ လက်သည်းကို သွားဖြင့်ကိုက်၍ ဖြတ်တောက်ပေးခြင်းမျိုး လုံးဝမပြုလုပ်ပါနှင့်။ လက်သည်းညှပ်ပေးနေစဉ် မတော်တဆ အသားထိမိပြီး သွေးထွက်လာလျှင် ပတ်တီးမစည်းပေးရပါ။ ရေအေးနှင့်ဆေးခြင်း ၊ ဒဏ်ရာကို ပါးစပ်အတွင်း ခေတ္တငုံပေးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး