ရင်သွေးငယ်လေးသွားသော ဝမ်းရဲ့ အရောင်အဆင်းကို ကြည့်ရှုပြီး သင့်ရင်သွေးရဲ့ ကျန်းမာရေးအခြေအနေကို သိရှိနိုင်ပါတယ်။ ရင်သွေးငယ်လေးသွားသော ဝမ်းဟာ မွေးကင်းစနို့တိုက်ချိန် ၊ နို့မှုန့်သောက်သုံးချိန်တို့ကစပြီး အစာအမာများ စားနိုင်လာတဲ့အထိ တဖြည်းဖြည်း ပြောင်းလဲလာမှာ ဖြစ်ပါတယ်။
အီးအရောင်ဟာ အနက်ရောင် ၊ အဖြူရောင် ၊ အနီရောင်များ သိသိသာသာဖြစ်ပေါ်နေပါက ဆရာဝန်ထံသို့ အမြန်ဆုံး အကြောင်းကြားပေးဖို့လိုပါတယ်။ အထူးသဖြင့် မွေးကင်းစကလေးငယ်တွေမှာ အူအတွင်း ပြဿနာဖြစ်ပေါ်နေတဲ့အခါ ဒီလို အီးအရောင်မျိုး သွားတတ်တာကို တွေ့ရပါတယ်။ မွေးကင်းစရင်သွေးငယ်တွေရဲ့ အီးအရောင်ဟာ အစိမ်းရောင်သာ ရှိသင့်ပြီး ရက်သတ္တပတ်အတွင်း ပိုမိုအရောင်ဖျော့လာတတ်ပါတယ်။
ကျန်းမာသန်စွမ်းသော မိခင်နို့ရည်ကို သောက်သုံးရတဲ့ ရင်သွေးငယ်လေးတွေရဲ့ အီးအရောင်ဟာ အဝါရောင်သို့မဟုတ် အနည်းငယ်စိမ်းသော အရောင်မှာ ရှိနေပါတယ်။ ရင်သွေးငယ်လေးကို သံဓာတ်အားဖြည့်စာများ ကျွေးပါက ဝမ်းဟာအစိမ်းရင့်ရောင်မှ အနက်ရောင်နီးပါးအထိ ဖြစ်လာနိုင်ပါတယ်။ သံဓာတ်အားဖြည့်စာ မကျွေးဘဲ အီးအရောင်နက်နေပါက အန္တရာယ်ရှိပါတယ်။
ငှက်ပျောသီးလိုမျိုး အစိုင်အခဲအဖြစ်သတ်မှတ်လို့ရတဲ့ အစားအစာများကျွေးတဲ့အခါ ကလေးဝမ်းဟာ အညိုရောင်သွားပါတယ်။ ရင်သွေးငယ်လေး ဝမ်းလျှောနေတဲ့အခါ ဝမ်းအရည်သ များများ သွားပါလိမ့်မယ်။ ဝမ်းပျက်ခြင်းဟာ အစာဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပြီး တစ်ရက်ထက်ကျော်လွန်ပါက ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။ တစ်ရက်အတွင်းသွားသော ဝမ်းမှာတင် သွေးသို့မဟုတ် ချွဲများ ပါလာရင်တော့ ချက်ချင်းသွားရောက် ပြသရမှာ ဖြစ်ပါတယ်။
ရင်သွေးငယ်လေးရဲ့ ဝမ်းဟာ မာပြီး ကျောက်စရစ်ခဲပုံစံဖြစ်နေပါက ဝမ်းချုပ်နေခြင်း ဖြစ်ပါတယ်။ အဲ့ဒီ့အခါ သင့်ရင်သွေးလေး မသက်မသာ ဖြစ်နေပါလိမ့်မယ်။ အစာအမာများကျွေးတဲ့အခါ မကြာခဏ ဝမ်းချုုပ်နိုင်ပါတယ်။ ဒါ့ကြောင့် မိဘများအနေနဲ့ မိမိရင်သွေးသွားသော ဝမ်းအရောင်ကို သေသေချာချာလေ့လာပြီး ရင်သွေးငယ်လေးရဲ့ ကျန်းမာရေးအခြေအနေကို အနီးစပ်ဆုံး သုံးသပ်နိုင်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး