
မေမေတို့အတွက် ကိုယ်ဝန်ဆောင်ချိန်ဟာ အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ မေမေတို့အနေနဲ့ အဘက်ဘက်က အစစအရာရာ ဂရုစိုက်ရတာပါ။ ဒီလိုနဲ့ မေမေတို့မှာ အကြောက်တရားများစွာလည်း ရှိနေပါတယ်။ ကိုယ်ဝန်လနုချိန်မှာ သွေးဆင်းတာလည်း မေမေတို့ အစိုးရိမ်လွန်တတ်ကြတဲ့ဖြစ်ရပ်ပါ။ ကိုယ်ဝန်လနုစဉ်မှာ သွေးဆင်းတာ အကြောင်းအမျိုးမျိုးရှိပြီး တချို့ဖြစ်ရပ်တွေကလည်း အန္တရာယ် မရှိနိုင်တာပါ။
Subchorionic hematoma(အချင်းကနေ သွေးထွက်ခြင်း)
ဒါကတော့ အချင်း သားအိမ်ကနေ ကွာသွားတဲ့အခါ ကွာသွားလို့ နေရာလွတ်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီလွတ်နေတဲ့နေရာကြားမှာ သွေးတွေစုပြီး အရည်အိတ်တွေ ဖြစ်ပေါ်လာတာမျိုးပါ။ ဒီနေရာမှာ သတိပြုရမှာက စုနေတဲ့ သွေးအရည်အိတ်က သေးရင် သွေးဆင်းနည်းမှာဖြစ်ပြီး၊ အိတ်ကြီးရင်တော့ သွေးဆင်းတာများမှာပါ။ အိတ်သေးရင်တော့ ပြဿနာမရှိဘဲ အိတ်ကြီးရင်တော့ ကိုယ်ဝန်ပျက်ကျတဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။
Implantation bleeding(သားအိမ်ကို သန္ဓေသားတွယ်ကပ်ရာကနေ သွေးဆင်းခြင်း)
ကျားသုတ်ပိုးနဲ့ မမျိုးဥတို့ ပေါင်းစပ်ပြီးသန္ဓေအောင်ပြီးတဲ့အခါမှာတော့ သန္ဓေသားဟာ ရှင်သန်ကြီးထွားဖို့အတွက် သားအိမ်မှာ တွယ်ကပ်ရပါတယ်။ ပုံမှန်ကတော့ သန္ဓအောင်ပြီး (၆) ရက်ကနေ (၁၂) အတွင်း သွေးဆင်းတတ်ပါတယ်။ ဒီသွေးဆင်းတာမျိုးက ရာသီမလာခင် ရက်နားလောက်မှာ ဆင်းတတ်ပြီး နာရီပိုင်းလောက်ပဲ ကြာမြင့်ပါတယ်။ ဒါကြောင့် များသောအားဖြင့် ရာသီလာတာနဲ့ အမှတ်မှားတတ်ပါတယ်။
Miscarriage(သားပျက်သားလျောဖြစ်ခြင်း)
ဒါကတော့ ကိုယ်ဝန်နုစဉ် သွေးဆင်းတာနဲ့ ပတ်သက်ပြီး အစိုးရိမ်ရဆုံးအချက်ပါ။ သွေးအများကြီး ဆင်းနေမယ်။ ဗိုက်နာမယ်ဆိုရင်တော့ သတိထားရမှာဖြစ်ပြီး ကိုယ်ဝန်ပျက်ကျဖို့ အခြေအနေတွေပါပဲ။
သားအိမ်ပြင်ပသန္ဓေတည်ခြင်း
ဒါက သွေးမဆင်းခင် ဗိုက်အရင်နာတတ်ပါတယ်။ သားအိမ်ပြွှန်ထဲမှာတည်ပြီး ရာသီထိန်ပြီး (၁၀) ပတ်ဝန်းကျင်မှာ ဖြစ်တတ်ပါတယ်။ အရင်ဖြစ်ဖူးတဲ့သူတွေဆီမှာလည်း ပြန်ဖြစ်တာ တွေ့ရပါတယ်။ ကလေးမရတာ ကြာမြင့်နေသူ၊ သားအိမ်ပြွန်ကို ခွဲစိတ်ထားသူ၊ ကိုယ်ဝန် မရအောင် IUCD ထည့်ထားခဲ့သူတို့မှာ အဖြစ်များပါတယ်။