မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ ကျန်းမာသန်စွမ်းနေဖို့ အရေကြီးပါတယ်။ ဒါမှသာ မီးဖွားတဲ့အခါမှာ အလွယ်တကူနဲ့ အောင်အောင်မြင်မြင် ဖွားမြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး မိခင်လောင်းတွေ ကျန်းမာသန်စွမ်းနေစေဖို့အတွက် ကိုယ်ဝန်ဆောင်ကာလမှာ လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့လိုပါတယ်။ လေ့ကျင့်ခန်းနည်းလမ်းပေါင်း မြောက်များစွာရှိတဲ့အနက် ရေကူးလေ့ကျင့်ခန်းကို ကိုယ်ဝန်ဆောင်ချိန်ပြုလုပ်လို့ရမရဆိုတာလည်း မိခင်လောင်းတွေ သိချင်ကြမှာပါ။
ရေကူးလေ့ကျင့်ခန်းဟာ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအတွက် အထူးကောင်းမွန်သင့်တော်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ရေကူးခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေကို ကျန်းမာစေဖို့အများကြီးကူညီပေးပါတယ်။
မိခင်လောင်းရဲ့ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ အထူးသဖြင့် ကိုယ်ဝန်တတိယသုံးလပတ်အတွင်း ကိုယ်အလေးချိန်ပြဿနာကို ရေကူးခြင်းက ကောင်းမွန်စွာ ကူညီပေးပါလိမ့်မယ်။ အခြား အေရိုးဗစ် ၊ ယောဂလေ့ကျင့်ခန်းများနဲ့မတူဘဲ ရေကူးခြင်းက မိခင်လောင်းတွေကို သက်သာအေးချမ်းမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။
ရေကူးရာမှာ ရေကူးကန်ထဲမှာ စနစ်တကျကူးဖို့ လိုပါတယ်။ ရေကူးကန်အများစုကတော့ အပူချိန် 30ဒီဂရီC ဝန်းကျင်မှာရှိပြီး 27ဒီဂရီC နဲ့ 33ဒီဂရီC အပူချိန်အတွင်းရေကူးခြင်းက မိခင်လောင်းတွေအတွက် အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ်နိုင်ခြင်း မရှိပါဘူး။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး