ကလေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အသက်ရှူပုံခြင်း မတူညီကြပါဘူး။ တချို့ကလေးတွေကတော့ ပုံမှန်အတိုင်းပဲ အသက်ရှူတတ်ပြီး တချို့ကလေးတွေမှာတော့ နောက်ထပ်အသံတွေပါ ကြားတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကလေးများ အိပ်စက်နေတဲ့အချိန်မှာ အသက်ရှူတာနဲ့ ပတ်သက်ပြီး တင်ပြပေးသွားမှ ဖြစ်ပါတယ်။ကလေးတွေ အိပ်နေတဲ့အချိန်မှာ အသက်ကို ပြင်းပြင်းရှူခြင်း၊ အသက်ရှူသံ မြန်ခြင်း ဒါမှမဟုတ် ဟောက်ခြင်းတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတရံမှာလည်း ဒီ ၃ ခုလုံး တစ်လှည့်စီ လည်နေတတ်ပါတယ်။ မွေးကင်းစ ကလေးငယ်တွေမှာ ဒီလိုသံသရာလည်ပတ်ပုံက ပိုပြီးတော့ သိသာပါတယ်။ ဒါ့ကြောင့် အိပ်ပျော်နေတုန်းမှာ ကလေးအသက်ရှူတာ ပုံမှန်ဖြစ်ပြီး ကလေးကို ဘာအနှောင့်အယှက်မှ မပေးရင် စိတ်ပူစရာ မလိုပါဘူး။ကလေး အသက်ရှူမမှန်ခြင်းတွေနဲ့ ဆက်စပ်မှု ရှိနေတာကတော့ ရုတ်တရက် ကလေးငယ်တွေ သေဆုံးတတ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ မွေးကင်းစကနေ ၄ လသား ကလေးငယ်တွေအထိ ဖြစ်နိုင်ပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး ကလေးတွေ အိပ်မောကျနေရာကနေ ရုတ်တရက် လန့်နိုးတတ်ခြင်းကို သတိပြုသင့်ပါတယ်။ ဒီရောဂါအကြောင်း အသေးစိတ်ကိုတော့ ကျှန်တော်တို့ ကျန်းကျန်းမာမာ by အလင်္ကာ page ကနေ တင်ဆက်ထားတဲ့ ကလေးငယ်များ ရုတ်တရက်သေဆုံးခြင်း ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။ ချုံငုံပြီးပြောရရင်တော့ မှောက်လျက်အိပ်နေတဲ့ ကလေးတွေမှာ အောက်ဆီဂျင် လျော့နည်းပြီးတော့ ရုတ်တရက် အသက်ရှူကြပ်ပြီး သေဆုံးတတ်တာပါ။
.
ကလေးငယ်တွေ အသက်ကြီးလာတာနဲ့အမျှ အိပ်ပျော်တဲ့အခါ အသက်ရှုနှုန်း ပုံမှန်ဖြစ်လာပါတယ်။ ဒါ့ကြောင့် သင့်ကလေး ပုံမှန် အသက်ရှူနေတာ ဟုတ်မဟုတ် စောင့်ကြည့်ဖို့အတွက်-
၁။ ကလေးအသက်ရှူတဲ့ အသံကို သေချာဂရုတစိုက် နားထောင်ကြည့်ပါ။ အသက်ရှူသံ ပုံမှန် ဟုတ်မဟုတ် သင်သိနိုင်ပါတယ်။
၂။ ကလေးရင်ဘတ်ကို တစ်ပတ်ခန့် သေသေချာချာ စောင့်ကြည့်ပါ။ မသင်္ကာတာ ၊ တခြားကလေးတွေနဲ့ မတူတာ ရှိရင် ကလေးအထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ပါ။
၃။ ကလေးအိပ်နေတဲ့အချိန်မှာ ကလေးနှာခေါင်းနားမှာ သင့် ပါးကပ် ထားကြည့်ပါ။ ကလေးအဆုတ်ထဲက ထွက်လာတဲ့ လေအနေအထားကို ဂရုတစိုက် ခံစားကြည့်ပါ။
ဘယ်လက္ခဏာတွေကို သတိထားရမလဲ
-------------------------------------------
မွေးကင်းစကလေးတွေဟာ အိပ်ပျော်နေတုန်း အသက်ရှူသံ မမှန်တတ်ကြပါဘူး။ ဒါ့အတွက် တခြား လက္ခဏာတွေ ဖြစ်တဲ့-အသက်ရှူနေစဉ် လေချွန်သံ ဆန်ဆန် အသံမြည်ခြင်းကို သတိထားရပါမယ်။ ကလေးနှာခေါင်းတွင်းမှာ ချွဲသလိပ်တွေနဲ့ ပြည့်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ချောင်းခြောက်ဆိုးခြင်းကိုလည်း မမေ့သင့်ပါဘူး။ ကလေးရဲ့ အသံအိုးမှာပါ ချွဲတွေ ပိတ်နေတဲ့အခါမှာ ချောင်းဆိုးသံတေွ ပြောင်းလဲသွားတတ်ပါတယ်။
အဆိုပါ လေသံအနေအထားတွေ မဟုတ်ဘဲ ပုံမှန်မဟုတ်တဲ့ လေသံမျိုး ကြားနေလားဆိုတာကို ဂရုတစိုက်ရှိသင့်ပါတယ်။ ကလေးလည်မြိုနားမှာ ပုံမှန်မဟုတ်ဘဲ တစ်သျှူး စုနေသလားဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ လပြွန်မကြီး ပိတ်ဆို့နေတဲ့အခါမှာ အိပ်ပျော်နေရင်း ချောင်းဆိုးခြင်း ဖြစ်တတ်ပါတယ်။ကလေးရဲ့ လေပြွန်မှာ ဒါမှမဟုတ် လေပြွန်ငယ်လေးတွေမှာ ပိတ်ဆို့နေတဲ့အခါမှာ တရွှီရွှီမြည်သံတွေ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေကို မကုသဘဲ ထားရင် နောက်ပိုင်း ပန်းနာရင်ကျပ်ဝေဒနာ ခံစားရနိုင်ပါတယ်။
ဘယ်အချိန်မှာ ကလေးအထူးကုနဲ့ ပြသင့်သလဲ
----------------------------------------------
၁။ ကလေး အသက်ရှူနှုန်း တစ်မိနစ်မှာ အကြိမ် ၆၀ ထက်ပိုမြန်နေတဲ့အချိန်၊
၂။ အသက်ရှူပြီးတိုင်း ဆက်တိုက်အသံမြည်နေရင်၊
၃။ အသက်ကို ပြင်းပြင်းရှူနေရတဲ့အတွက် နှာခေါင်း ပြားလာခြင်း
၄။ အိပ်နေစဉ် အသံအောအောနဲ့ အသံတွေ ထွက်ခြင်း
၅။ အသက်ရှူစဉ် နံရိုးကြားချိုင့်ဝင်ခြင်း
၆။ အသက်ရှူရပ်ရပ်သွားခြင်း အစရှိတဲ့ လက္ခဏာတွေ ဖြစ်လာရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ အလျှင်အမြန်ကုသမှု ခံယူသင့်ပါတယ်။
ကုသမှုပြုလုပ်ရာမှာ ပိုမိုလွယ်ကူစေဖို့အတွက်
---------------------------------------------------
၁။ ကလေးအသက်ရှူ မမှန်တာကို မှတ်တမ်းတင်ထားပါ။ ဖြစ်နိုင်ရင် ဗီဒီယိုပါ ရိုက်ထားပေးပါ။ ဒါဟာ ဆရာဝန်ကို အင်မတန်မှ အထောက်အကူ ဖြစ်စေပါတယ်။
၂။ တစ်မိနစ်အတွင်း အသက်ရှူလို့ ရင်ဘတ်ဖောင်းခြင်း ၊ ပိန်ခြင်း ဘယ်လောက်ဖြစ်လဲဆိုတာကို အိမ်မှာကတည်း ရည်တွက်ထားပါ။ ဒီဆောင်းပါးမှာတော့ ကလေးတွေ အိပ်နေစဉ် အသက်ရှူ မမှန်တာနဲ့ ပတ်သက်ပြီး အကြောင်းအရာတွေ ၊ ဘယ်အချိန်မှာ ကလေးဆေးရုံ ပြသင့်သလဲဆိုတာတေွနဲ့ ပတ်သက်ပြီး တင်ပြပေးထားပါတယ် ။ မိမိကလေး ကျန်းမာရေးအတွက် သေသေချာချာ ဖတ်ရှူစေလိုပါတယ်။
#Ref....ဒေါက်တာ အောင်ကျော်မြင့်
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး