
ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်တွေကို အားရှိစေဖို့ သေချာလေး စားကြရပါတယ်။ ဒီကာလမှာ နို့က မိခင်တိုင်းအတွက်ရော ဗိုက်ထဲက ဘေဘီလေးအတွက်ပါ အထူးသင့်တော်တဲ့အရာပါ။ နို့က အာဟာရ ပြည့်ဝတယ် ဆိုပေမယ့် မိခင်က နို့သကြားဓာတ် မစုပ်ယူနိုင်တဲ့ ကျန်းမာရေး ပြဿနာ ရှိနေမယ်ဆိုရင်တော့ အာဟာရ ပြည့်ဝအောင် နို့သောက်လို့ မရပါဘူး။ ဒီအခါမှာ အာဟာရလည်းပြည့် ကျန်းမာရေးပြဿနာလည်း ကင်းစေဖို့ သောက်လို့ရတဲ့ နို့တစ်မျိုး ရှိပါတယ်။ ဒါကတော့ ပဲနို့သောက်တာပါ။ပဲနို့က ပရိုတင်း ပြည့်ဝစွာပါပေမယ့် အပင်ကနေရတဲ့ ပရိုတင်းပဲ ပါဝင်တာဖြစ်ပြီး နို့သကြားဓာတ် မစုပ်ယူနိုင်တဲ့ ပြဿနာ ကင်းပါတယ်။ နောက်တစ်ချက်က ပဲနို့မှာ ကိုယ်ဝန်ဆောင်အတွက် လိုအပ်တဲ့ အာဟာရတွေ ပါဝင်နေပါတယ်။ ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပဲနို့သောက်မယ်ဆိုရင် ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲဆိုတာကို ပြောပြပေးပါမယ်။

ကိုယ်ဝန်ဆောင်မေမေ ပဲနို့သောက်တဲ့အခါ
၁။ အာဟာရ ပြည့်ဝစေမယ်
-----------------------------
ပဲနို့မှာ ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင် A၊ ဗီတာမင် B1၊ ဗီတာမင် E နဲ့ ဖောလစ်အက်ဆစ်တို့ ပြည့်ဝစွာ ပါဝင်နေပါတယ်။ ဒီလို အာဟာရပြည့်ဝမှုက မိခင်ရော ဘေဘီလေးကိုပါ လုံလောက်ပြည့်ဝတဲ့ အာဟာရ ပေးစွမ်းနိုင်မှာပါ။
၂။ အင်အားပြည့်ဝစေတယ်
-----------------------------
ပဲနို့က အင်အားပြည့်ဝစေဖို့ လုံလောက်တဲ့ အာဟာရတွေကို ပေးစွမ်းနိုင်ပါတယ်။ ပဲနို့မှာ ကာဗိုဟိုက်ဒရိတ်၊ ဟင်းသီးဟင်းရွက်ကနေရတဲ့ အဆီ၊ riboflavin တို့ လုံလောက်ပြည့်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ ကိုယ်ဝန်ဆောင်ကာလမှာ ခြေကုန်လမ်းပန်းကျတာကို သက်သာစေနိုင်သလို ဗိုက်ထဲ့ ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ အားဖြည့်ပေးပါတယ်။

၃။ အရိုးတွေ သန်မာစေတယ်
-------------------------------
ပဲနို့မှာ အခြားသော နို့တွေလိုပဲ ကယ်လ်ဆီယမ် ပြည့်ဝစွာ ပါဝင်နေပါတယ်။ ကယ်လ်ဆီယမ်ပြည့်ဝမှုက မေမေကို အရိုးနဲ့ ကြွက်သားတွေ သန်မာစေသလို ဗိုက်ထဲက ဘေဘီလေးရဲ့ အရိုးနဲ့ကြွက်သားတွေ ဖွံ့ဖြိုးစေဖို့ အားဖြည့်ပေးပါတယ်။
၄။ စိတ်ခံစားမှု ကောင်းစေတယ်
----------------------------------
ပဲနို့မှာ မဂ္ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် စိတ်ခံစားမှု ကောင်းစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အတက်အကျမြန်တာ၊ စိတ်ဓာတ်ကျတာတွေ မဖြစ်စေဖို့ အားဖြည့်ပေးပါတယ်။ကိုယ်ဝန်ဆောင်မေမေတွေအတွက် ပဲနို့က အခုလို အကျိုးကျေးဇူးများတယ်ဆိုပမယ့်မယ့် တစ်နေ့ကို ၂ ခွက်လောက်ပဲ သောက်သင့်ပါတယ်။ အချိုများတာမျိုးကိုလည်း မသောက်သင့်ပါဘူး။ တကယ်လို့ ပဲနို့သောက်ပြီးတဲ့အခါ အသားတွေ ယားမယ်။ အဖုအပိမ့်တွေ ထွက်မယ်ဆိုရင် မသောက်ပါနဲ့။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှာ သောက်ပါလို့ အကြံပြုပါရစေ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး