နို့တိုက်မိခင်တွေအနေနဲ့ အာဟာရကို စဉ်းစားတဲ့အခါမှာ နှစ်ယောက်စာ စဉ်းစားရပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်စားသမျှက မိခင်နို့ရည်ကနေတတဆင့် ကလေးဆီကို ရောက်သွားလို့ပါပဲ။ ဒါကြောင့် ဒီလိုအချိန်မှာ ကိုယ်စားချင်တာ၊ အရသာရှိတာတွေအပြင် ဘာလေး စားလိုက်ရင်တော့ နို့ပိုများများထွက်မှာ၊ ငါ့ကလေး ဘယ်လိုအားရှိမှာ၊ ဘာလေးစားလိုက်ရင်တော့ ကလေးက ခုခံအားတွေ တက်လာမှာ စသည်ဖြင့် စဉ်းစားပြီး စားပေးဖို့ပါ အရေးကြီးပါတယ်။နောက်တစ်ခုက နို့တိုက်မေမေတို့ အစားရှောင်တဲ့အခါ ကလေးကို ထိခိုက်နိုင်ပါတယ်။ မေမေတို့က လူကြီးဆိုတော့ သိပ်မသိသာပေမယ့် ကလေးလေးတွေက ခုမှ ဖွံ့ဖြိုးခါစဆိုတော့ သူ့အတွက် အာဟာရချို့တဲ့လို့ မဖြစ်ပါဘူး။ ဒါကြောင့် နို့တိုက်မေမေတွေမှာ ဖြစ်တတ်တဲ့ အာဟာရချို့တဲ့မှုတွေက ဘာလဲ။ ဒီလို မချို့တဲ့အောင် ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ပြောပြပေးပါမယ်။
၁။ ရေဓာတ်
-----------------
မိခင်နို့မှာ ရေဓာတ် ၉၀ရာခိုင်နှုန်းတောင် ပါပါတယ်။။ ဒါကြောင့် မေမေတွေ ရေကို လုံလုံလောက်လောက် သောက်ဖို့လိုပါတယ်။ ပြီးတော့ ရေဓာတ်ပြည့်ဝနေရင် မေမေလည်း ဝမ်းမချုပ်တော့ဘူးပေါ့။ဒါကြောင့် မေမေတို့ ရေတစ်နေ့ ၂လီတာလောက် ဝင်အောင် သောက်ပါ။ ရေအပါအဝင် တခြားအရည် ဥပမာ ကြက်ပေါင်းရည်၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်၊ ဟင်းချိုရည် စတာတွေလည်း သောက်လို့ရပါတယ်။ အလွယ်နည်းအနေနဲ့ ကလေးကို နို့မတိုက်ခင်တစ်ခါ၊ နို့တိုက်ပြီးတစ်ခါ ရေ သို့မဟုတ် အရည် တစ်ခုခုသောက်လို့လည်း ရပါတယ်။
၂။ ကယ်လိုရီ
----------------
မေမေတွေက နို့တိုက်ချိန်ဆို ကယ်လိုရီဆိုတဲ့ ခွန်အားဖြစ်စေမဲ့ဓာတ်တွေ ပိုလိုပါတယ်။ မိခင်နို့ရည် ၁၀၀မီလီလီတာ ထွက်တိုင်းမှာ ၇၀ ကယ်လိုရီ လောင်ကျွမ်းပါတယ်။ တစ်နေ့ကို နို့က ၇၅၀မီလီလီတာလောက် ထွက်နေတော့ မေမေတွေအနေနဲ့ ပိုစားပေးရမှာပေါ့။ဒါကြောင့် အရင်စားနေကျထက် ပိုစားပေးပါ။ တစ်နေ့ ၃နပ်စားတာထက် နည်းနည်းနဲ့ ခဏခဏ စားတာက ပိုဝင်ပါလိမ့်မယ်။ မေမေအားရှိမှ ကလေးကို ကောင်းကောင်းပြုစုနိုင်မှာပါ။ ပြီးတော့မေမေအားရှိမှ အာဟာရပြည့်ဝတဲ့ နို့ရည်လည်း ထွက်မှာဆိုတာ မမေ့ပါနဲ့နော်။
၃။ ပရိုတင်း
---------------
မေမေတွေက ခုနပြောခဲ့သလိုပဲ အစားရှောင်ပြီး အသားမစား၊ ပဲမစားနေတဲ့အခါကျတော့ ပရိုတင်း ချို့တဲ့တာပေါ့။ မိခင်နို့ပါတဲ့ ပရိုတင်းဓာတ်ဆိုတာ လူသိပြီးသား ကြွက်သားတည်ဆောက်တဲ့ အသားဓာတ်ထက်ပိုပါတယ်။ကလေးအတွက် လိုအပ်တဲ့ အင်ဇိုင်းတွေ၊ ပဋိပစ္စည်းတွေ၊ ဟော်မုန်းတွေ အများကြီးပါပါတယ်။ အထူးသဖြင့် ကလေးရဲ့ ပထမဆုံး ကာကွယ်ဆေးလို့ တင်စားခေါ်ကြတဲ့ နို့ဦးရည်မှာ ပိုတောင်ပါပါသေးတယ်။ ဒါကြောင့် မေမေတို့ အသားမစား၊ ပဲမစားဘူးဆိုရင် ကလေးလေးက ဒီဓာတ်တွေ ရမှာမဟုတ်ပါဘူး။လိုအပ်တဲ့ အသားဓာတ်ကို ဖြည့်တင်းဖို့ နည်းလမ်းကတော့ မေမေ အသားစား၊ ပဲစားဖို့ပါပဲ။ အိမ်မှာ သန့်သန့်ရှင်းရှင်း၊ ကျက်အောင် သေချာချက်ပြုတ်ထားတဲ့ အသားတွေ၊ ပဲတွေ စားပေးပါ။အသားနေ့တိုင်း မစားချင်ရင် အသားပြုတ်ရည်လေးတွေ ဥပမာ ကြက်ပေါင်းရည်လေးတွေ သောက်လို့ရပါတယ်။ ကူဖော်လောင်ဖက်မရှိလို့၊ အသားနေ့တိုင်း မစားချင်လို့ ဆိုလည်း စျေးကွက်ထဲမှာ ဓာတုပစ္စည်းမပါတဲ့ စိတ်ချရတဲ့ ကြက်ပေါင်းရည်တွေ ဝယ်သောက်လို့ရပါတယ်။ တချို့က ဟော်မုန်း အပြောင်းအလဲကြောင့် အနံ့မခံနိုင်ဘူးဆိုလည်း အနံ့မပြင်းတာတွေ ရှိနေပြီဆိုတော့ စိတ်ကြိုက် ရွေးပြီးသောက်ပါ။ အရေးကြီးတာက အသားဓာတ်ပြည့်ဖို့ပါပဲ။လေ့လာချက်တွေအရ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးတွင်းမှာ ကြက်ပေါင်းရည်မှာ သောက်မယ်ဆိုရင် အသားဓာတ်နဲ့ niacin ဓာတ်ကို ဖြည့်တင်းပေးတဲ့အပြင် သွေးထဲက မကောင်းတဲ့ ကိုလက်စထရောကိုလည်း ကျစေပါတယ်တဲ့။အဆီထုတ်ထားတဲ့ ကြက်ပေါင်းရည်ဆိုရင် ပြီးတော့ တခြားပရိုတင်းတွေ ဖြစ်တဲ့ နို့ဦးရည်မှာပါတဲ့ EGF၊ TGF-2နဲ့ Lactoferrinကို များစေတာကြောင့် ကလေး အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ အထူးသဖြင့် ကလေးက လမစေ့ဘဲ မွေးလာရင် ဒီဓာတ်တွေ ပိုချို့တဲ့နိုင်လို့ မေမေတို့ သတိထားပြီး အသားဓာတ်ဖြည့်တင်းပေးဖို့ လိုပါတယ်။မေမေတို့အတွက်ဆိုရင်လည်း အာဟာရပြည့်ဝတဲ့အပြင် ကလေးမွေးထားတာကြောင့် မီးတွင်းမှာ စိတ်ရော ကိုယ်ပါ ပင်ပန်းနေတာတွေ မြန်မြန်ပြန် နာလန်ထူနိုင်မှာပါ။
၄။ ဗီတာမင်နဲ့ သတ္တုဓာတ်
----------------------------
ကလေးလေး ရောဂါကင်းကင်းနဲ့ ကြီးပြင်းလာဖို့အတွက် မေမေနို့မှာပါတဲ့ ဗီတာမင် A၊ C၊ B အုပ်စု၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဇင့် စတာတွေ လိုအပ်ပါတယ်။ မေမေက ကလေး လေနာမှာစိုးလို့ဆိုပြီး အသီးအရွက်တွေ မစားရင် ကလေးလေးမှာ ဒီအာဟာရတွေ ချို့တဲ့ နေမှာပါ။ဒါ့ပြင် မေမေ့မှာလည်း ဗီတာမင် B1 ချို့တဲ့တာကြောင့် ခြေထုံ လက်ထုံ ဖြစ်တတ်ပါတယ်။ အဆိုးဆုံးကတော့ ကလေးမှာပါ B1 ချို့တဲ့ခြင်းက ဘယ်ရီဘယ်ရီရောဂါဖြစ်စေပြီး အသက်အန္တရာယ်အထိတောင် ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မေမေတို့ မီးတွင်းမှာ အရွက်ကြော်တာ၊ ဟင်းရည်ချက်သောက်တာတွေ စားပေးပါ။ အမျှင်ဓာတ်တွေ ပါတော့ မေမေတို့အတွက် ဝမ်းမချုပ်စေတဲ့ အကျိုးကျေးဇူးလည်း ရစေမှာပါ။ဒီတော့ မေမေတို့အနေနဲ့ အထက်မှာပြောခဲ့တဲ့အတိုင်း မျှတလုံလောက်အောင်စားသုံးပေးဖို့ လေးလေးနက်နက် မှာပါရစေ။ ကိုယ် စားတာ မလုံလောက်ဘူးလို့ထင်ရင်၊ နို့ထွက်နည်းနေရင်တော့ မိသားစုဆရာဝန်တွေ၊ အာဟာရဆိုင်ရာပညာရှင်တွေနဲ့ အမြန်ဆုံးတိုင်ပင်ဆွေးနွေးပါလို့လည်း အကြံပြုတိုက်တွန်းချင်ပါတယ်။
#Ref...ဒေါက်တာ ထက်ဇော်ဝင်း
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး