သင့်ကလေးက စိတ်မထိန်းနိုင်ဘဲ ခဏခဏ စိတ်ခံစားမှုတွေ ပြင်းထန်နေတတ်တဲ့ သူလား။ ဒါဆိုရင်တော့ မိဘတစ်ယောက်အနေနဲ့ သင့်အတွက် အခက်အခဲတွေ ကြုံရတော့မှာပါ။ မိဘတစ်ရောက်အနေနဲ့ သင့်ကလေးစကားနဲ့ ထုတ်မပြောရင်တောင်မှ ဘယ်အချိန်မှာ စိတ်ထိခိုက်နေရမလဲဆိုတာ သိထားဖို့ လိုပါတယ်။ ပေါက်ကွဲမှုတွေ၊ စိတ်ဓာတ်ကျမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ ဝမ်းနည်းမှုတွေ စတဲ့ သင့်ကလေးရဲ့ စိတ်ခံစားချက် အမျိုးမျိုးကို ဘယ်လို နားလည်ကိုင်တွယ်ရမလဲဆိုတာ ဆောင်းပါးလေး ဖတ်ကြည့်လိုက်ပါဦး။
( ၁ ) အစောပိုင်း လက္ခဏာတွေကို လေ့လာပါ
--------------------------------------------------------
စိတ်ခံစားချက်တွေ မပေါက်ကွဲခင် ပြတတ်တဲ့ လက္ခဏာတွေ ဖြစ်တဲ့ ညည်းတွားတာ၊ ကြောက်ရွံတာ၊ ဂျီကျတာ၊ ဒေါသကြီးတာ၊ စိတ်မရှည်တာ၊ စကားလုံးဝ မပြောတာစတဲ့ လက္ခဏာတွေကို ကြိုတင်လေ့လာပါ။ ပြီးတော့ အဲဒီလက္ခဏာတွေ ဖြစ်နေတာကို ကလေးကို ကြိုတင် အသိပေးပြောပြီး အာရုံလွှဲပါ။
( ၂ ) ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ အချိန်ပေးပါ
----------------------------------------------------
အိမ်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် သင့်ကလေးအနေနဲ့ ရုတ်တရက် စိတ်ဖောက်ပြီး ဂျီကျတတ်ပါတယ်။ ဒါဆို သင့်ကလေးကို မထိန်းဘဲ ခဏလွှတ်ထားလိုက်ပါ။ သင့်အုပ်ချုပ်မှု အောက်မှာမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ပိုင်ဆိုင်တဲ့ စိတ်ထားခိုင်းလိုက်ပါ။ ဒါဆို ဂျီကျရတာ ပျင်းလာပြီး ပုံမှန်အတိုင်းပြန်ဖြစ်မှာပါ။
( ၃ ) စိတ်လှုံ့ဆော်ပေးတဲ့ အရာကို ရှာပါ
-----------------------------------------------
သင့်ကလေး စိတ်ခံစားနေရတဲ့အချိန် စကားပြောကြည့်ပြီး ဘာကြောင့် စိတ်ဆိုးရတယ်၊ ဝမ်းနည်ရတယ် ဆိုတာရဲ့ အဖြေကို ရှာပါ။ ခံစားချက် မပေါက်ကွဲခင် သူ့စိတ်ထဲက ခံစားရတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောခိုင်းပါ။ ဒါဆို စိတ်သက်သာရာရစေမှာပါ။
( ၄ ) စိတ်ဖြေလျော့ပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါ
-----------------------------------------------------------------------------
သင့်ကလေးနဲ့အတူတူ စကားပြောကြည့်ပြီး ပြဿနာရဲ့ အဖြေကို အတူတူ ရှာပါ။ သူ့ရဲ့ခံစားချက်တေွကို သူကိုယ်တိုင် ထိန်းချုပ်နိုင်အောင် နည်းလမ်းပေးပါ။ ပုံဆွဲတာပဲဖြစ်ဖြစ်၊ သင့်ကို ဖက်တာပဲဖြစ်ဖြစ် လုပ်ခိုင်းပြီး စိတ်ကို ဖြေလျော့ပေးပါ။ သူ့ဖက်မှာ မိဘတစ်ယောက်အနေနဲ့ သင် အမြဲတမ်း ရှိနေမယ်ဆိုတာ ပြောပြထားပါ။
( ၅ ) စာအုပ်ထဲ မှတ်ထားပါ
------------------------
သင့်ကလေး ဂျီကျတဲ့အချိန်၊ စိတ်အလိုမကျတဲ့ အချိန်၊ ပေါက်ကွဲတဲ့ အချိန်တွေကို နေ့စွဲနဲ့ အကြောင်းအရာတွေ ချမှတ်ထားပါ။ ဒါမှ သင့်ကလေး အကြောင်း တဖြည်းဖြည်း သိလာမှာပါ။ ဥပမာ-လူအရမ်းများတဲ့နေရာတို့၊ ရုပ်ရှင်ရုံတို့၊ စျေးဝယ်စင်တာတို့ကို မကြိုက်ဘဲ ဆက်တိုက်ဂျီကျနေရင် နောက်တစ်ခါကလေးကို မခေါ်သွားဘဲကလေးထိန်းနဲ့ ထားခဲ့ရင် အဆင်ပြေမှာပါ။
( ၆ ) အာရုံလွှဲပါ
--------------------------
သင့်ကလေး ပေါက်ကွဲတော့မယ်၊ အော်ငိုတော့မယ်၊ ဂျီကျတော့မယ် ထင်ရင် သီချင်းနားထောင်တာ၊ အရုပ်တွေပြတာ၊ ကစားတာ၊ ကာတွန်းကားကြည့်တာလိုမျိုး လုပ်ပြီး အာရုံလွှဲပေးပါ။
( ၇ ) နားလည်အောင်ပြောပါ
-----------------------------------
သင့် ကလေးဂျီကျပြီးရင်၊ အော်ငိုပြီးလို့ ပြန်ငြိမ်သွားရင် နားလည်အောင် စကားပြောပါ။ သူစိတ်အလိုမကျ ဖြစ်တာက ပုံမှန်ပဲဖြစ်ပြီး ဘာမှ စိတ်မကောင်း ဖြစ်စရာ မလိုကြောင်း၊ ဒါပေမဲ့ ကိုယ့်ကြောင့် သူတစ်ပါးကိုပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုပဲ ဖြစ်ဖြစ် ထိခိုက်အောင် မလုပ်သင့်ကြောင်း နားလည်သဘောပေါက်အောင် ပြောပါ။
( ၈ ) အလို မလိုက်ပါနဲ့
--------------------------
ကလေးတွေအနေနဲ့ ရွေးချယ်စရာ အရမ်းများရင် ဘာကို ရွေးရမှန်းမသိတော့ဘဲ ဘာကိုမှ အလိုမကျ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရွေးစရာကို အများဆုံးသုံးမျိုးပဲ ပေးပါ။ ဥပမာ-အစာပြေစားဖို့ ပန်းသီး ဒါမှမဟုတ် နွားနို့ ဒါမှမဟုတ် ငှက်ပျောသီးလိုမျိုး သုံးမျိုးထဲကပဲ ရွေးခိုင်းပါ။
( ၉ ) ကြိုအသိမပေးပါနဲ့
-------------------------------
ကလေးကိုထားပြီး အပြင်သွားစရာရှိရင် သင့်ကလေးကို ကြိုအသိမပေးပါနဲ့။ သင်မရှိမယ့် အချိန်ကို စဉ်းစားမိပြီး အားငယ်သွားလို့ မပြီးစီးနိုင်အောင် ဂျီကျပါလိမ့်မယ်။ အပြင်သွားခါနီး ဆယ်မိနစ်အလိုလောက်မှ ပြောရင်ကလေးအတွက် ပိုအဆင်ပြေမှာပါ။
( ၁၀ ) စိတ်ကို ဖွင့်ချခိုင်းပါ
-------------------------------
သင့် ကလေးခံစားချက်တွေကို အတင်းမြိုသိပ်ခိုင်းမယ့်အစား ခံစားချက်တွေကို ဖွင့်ထုတ်ခိုင်းပါ။ ငိုစရာရှိတာငို၊ အော်စရာရှိတာ အော်ပြီး ခံစားရတာတွေကို ပြောခိုင်းပါ။ ပြီးမှ သူ့ကို ပွေ့ဖက်ပြီး နှစ်သိမ့်လိုက်ပါ။သင့် ကလေးအနေနဲ့ စိတ်မထိန်းနိုင်ဘဲ စိတ်ခံစားချက်တွေ အရမ်းပြင်းထန်ပေါက်ကွဲရင် စိတ်ဖိစီးမှု အရမ်းများပြီး စိတ်ဒဏ်ရာ ရတတ်ပါတယ်။ စိတ်ဒဏ်ရာ ရသွားရင် ရက်အနည်းငယ်ပဲ ကြာနိုင်သလို နှစ်ရှည်ပြီးလည်း ကြာတတ်ပါတယ်။ သင့်တော်တဲ့ ကုသမှုမခံယူရင် အသက်ကြီးတဲ့အထိ စိတ်ဒဏ်ရာဖြစ်ပြီး စိတ်မထိန်းချုပ်နိုင်တာကို တွေ့ရပါတယ်။ဒါကြောင့် ဆရာဝန်က သင့်ကလေးမှာ စိတ်ဒဏ်ရာရတယ်ဆိုရင် အောက်ပါ အချက်တွေကို လုပ်ဆောင်ခိုင်းပါလိမ့်မယ်။စိတ်ဖြေလျော့ခြင်း (တစ်ဦးတစ်ယောက်ခြင်း သို့မဟုတ် မိသားစုနှင့်အတူ)
ကလေးအတွက် အထူးသီးသန့် ပညာသင်ပေးခြင်း
စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့် လူမှုဆက်ဆံရေး ကောင်းမွန်စေရန်အတွက် လေ့ကျင့်သင်ကြားပေးခြင်း
စိတ်ဒဏ်ရာရသူတွေအတွက် သီးသန့်ကျောင်း၊ ဆေးရုံ၊ လူမှုအသိုင်းနှင့် ချိတ်ဆက်ပေးခြင်း
မိဘတစ်ယောက်အနေနဲ့ စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး ကလေးကို နည်းပေးလမ်းပြမှန်မယ်ဆိုရင် ကလေးရဲ့ စိတ်အခြေအနေကို ထိန်းချုပ်နိုင်မှာပါ။ အရေးကြီးတာက ဘယ်အချိန်မှာပဲဖြစ်ဖြစ် သင် သူ့ကို ချစ်နေတယ် ဆိုတာ၊ သူ့ဘေးနားမှာ သင်အမြဲ ရှိနေမယ်ဆိုတာ သူသိနားလည်သဘောပေါက်ပါစေ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး