မေမေတို့ရေ အချို့သောမိဘတွေ၊ မိသားစုတွေက ကလေးငယ်တွေနေမကောင်းဖြစ်တဲ့အခါ ဖျားနာမှုပိုမှာစိုးရိမ်ပြီး အစားမကျွေးတာမျိုး၊ အဖတ်မကျွေးတာမျိုးတွေ ပြုလုပ်လေ့ရှိတတ်ကြပါတယ်။ တကယ်တော့ နေမကောင်းတဲ့ကလေးသူငယ်တွေ အားရှိစေဖို့အတွက် အစားကိုလျှော့လိုက်တာမျိုးမပြုလုပ်ဘဲ အရင်ကအတိုင်းပုံမှန်ဆက်ကျွေးသင့်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ကျန်းမာရေးဆိုင်ရာလမ်းညွှန်မှုတွေမှာ ဖော်ပြထားပါတယ်။
နေမကောင်းတဲ့ကလေးငယ်က နို့စို့အရွယ်ဆိုရင်လည်း မိခင်နို့ကိုပုံမှန်အတိုင်းတိုက်ကျွေးပေးသင့်ပါတယ်။ နေမကောင်းတဲ့ကလေးငယ်တွေကို အသက် ၆ လမပြည့်သေးရင်တော့ မိခင်နို့တစ်မျိုးတည်းကိုပဲ များများတိုက်ကျွေးပြီး အသက် ၆ လပြည့်ပြီးပါက မိခင်နို့အပြင် အခြားဖြည့်စွက်စာတွေ၊ အရည်တွေကိုများများတိုက်ကျွေးရမှာဖြစ်ပါတယ်။
တကယ်လို့နေမကောင်းဖြစ်ပြီး နာလန်ထစကလေးဆိုရင်တော့ အစားအစာတွေကို အရင်ကထက်ပိုမိုပြီး အစားကျွေးပေးဖို့လိုပါတယ်။ ဒါမှလည်း နလန်ထစကလေးငယ်တွေအတွက် အားပြန်ဖြည့်တင်းချိန်မှာ အထောက်အကူရရှိနိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း မေမေတို့က အခုလိုရာသီဥတုပြောင်းလဲနေတဲ့အချိန်မှာ ကလေးငယ်တွေအခန့်မသင့်လို့ ဖျားနာတာမျိုးဖြစ်ပေါ်ခဲ့တဲ့အခါ ဂရုတစိုက်နဲ့ အားအင်ပြည့်ဖြိုးစေမယ့် အစားအစာတွေကို ပြင်ဆင်ကျွေးမွေးနိုင်ကြစေဖို့အတွက် ကျားလေးက မျှဝေပေးလိုက်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး