မေမေတို့ရေ ဒီတစ်ခါမှာတော့ အားဖြည့်ဆန်လေးနဲ့အတူတူ ဘေဘီလေးတို့အတွက် ပန်းသီး၊ ငှက်ပျောသီး မစ်ရှိတ်လေးကို ပြင်ဆင်ကျွေးမွေးလိုက်ရအောင်နော်။ ဘေဘီလေးတွေလည်း အကြိုက်တွေ့ပြီး အများကြီးစားမှာသေချာပါတယ်။
ပါ၀င်ပစ္စည်းများ ..
- အားဖြည့်ဆန် (သို့မဟုတ်) ဆန်လုံးညို ... ပန်းကန်လုံး ၄ ပုံ ၁ ပုံ (ရေဆေးပြီး ၂ နာရီခန့်ရေစိမ်ထားပါ)
- ငှက်ပျောသီး ... ၁ လုံး
- ပန်းသီး ... ၁ လုံး
- ရေ ... ပန်းကန်လုံး ၃ လုံး
ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦးစွာအိုးသန့်သန့်ထဲသို့ ဆန်ကိုရေစစ်ပြီးထည့်လှော်ပါ။
- ခဏကြာလျှင် ရေထည့်ပြီး မွှေပေးပါ။
- အပူချိန်ကို အသင့်အတင့်ထားပြီး ရေပွက်ပွက်ဆူလာသည်အထိတည်ထားပါ။
- ရေဆူလာပြီး ၁၅ မိနစ်ခန့်ဆက်တည်ထားပါ။
- ပန်းသီးကို အူတိုင်ဖယ်ပြီး အစိပ်လေးများစိတ်၍ အိုးထဲသို့ထည့်မွှေပြီး ၁၅ မိနစ်ခန့်အဖုံးအုပ်ထားပါ။
- ပန်းသီးနှင့် ဆန်အနူးကိုစမ်းသပ်ပြီး အအေးခံလိုက်ပါ။
- အအေးခံပြီးပါက ကျိတ်မွှေစက်ထဲသို့ထည့်ပါ။ ငှက်ပျောသီးအခွံခွာပြီး လှီးထည့်ပါ။ ပြီးလျှင်စက်ဖြင့်မွှေပြီး ရင်သွေးငယ်များကို အသင့်ကျွေးမွေးနိုင်ပါပြီ။
(အသက် ၆ လနှင့်အထက် ရင်သွေးငယ်များအတွက် သင့်တော်ပါသည်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး