မေမေတို့ရေ ရင်သွေးငယ်လေးကိုမွေးဖွားပြီး မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးနေရတဲ့ နို့တိုက်မေမေတွေအဖို့ နေ့စဉ်လုပ်ငန်းတွေအမျိုးမျိုးရှိနေတတ်ပါတယ်။ အဲ့ဒီအထဲမှာက မေ့ရင်သွေးမဂ္ဂဇင်းမှာ ခြုံငုံဖော်ပြထားတဲ့ ဒေါက်တာယုဇနစောမြင့်ရဲ့ ဆောင်းပါးပါတစ်နေ့တာအချက်အလက်လေးတွေကို ကျားလေးရဲ့ မေမေတို့အတွက် မျှဝေပေးလိုက်ပါတယ်နော်။ မေမေတို့အတွက်တော့ အဆင်ပြေစေမယ့် တစ်နေ့တာလုပ်ငန်းစဉ်လေးတွေကို အတတ်နိုင်ဆုံးလိုက်ပါကျင့်သုံးနိုင်မယ်ဆိုရင်ပိုမိုအဆင်ပြေစေပါတယ်နော်။
မေမေတို့အတွက် ..
- နို့တိုက်မေမေတွေအနေနဲ့ ကလေးအိပ်ချိန်အပေါ်မူတည်ပြီး မိခင်ကပါလိုက်ပါအိပ်သင့်ပါတယ်။
- မိခင်နို့ကို ကလေးငိုတိုင်းတိုက်၊ ခဏခဏတိုက်ပေးရပါမယ်။
- မိခင်အနေနဲ့ မနက်မိုးလင်းတာနဲ့ အစာကိုများများစားပေးရပါမယ်။
- နို့တိုက်ပြီးတိုင်းမှာလည်း အစားအနည်းငယ်စီစားပေးရပါမယ်။ (အစားစားမှုကို ပုံမှန်ထက် ၂ ကြိမ်လောက်အနည်းဆုံး ပိုစားပေးပါ)
- အချိန်အားတယ်ဆိုရင်တော့ နေ့စဉ်လမ်းလျှောက်တဲ့အကျင့်ကို ပြုလုပ်ပေးရပါမယ်။
- ရင်သွေးငယ်နဲ့ မျက်လုံးချင်းများများဆုံပြီး စကားပြောပေး၊ ချော့မြှူပေးဖို့လည်းလိုအပ်ပါတယ်။
ကလေးငယ်တွေအတွက်ဆိုရင်တော့ ...
- ရှူးရှူး အီးအီးပါပြီးတိုင်း ကလေးငယ်ကို ရေများများသုံးပြီး ဆေးကြောပေးရပါမယ်။
- မနက် ၁၀ နာရီနဲ့ မွန်းလွဲ ၁၂ နာရီအကြားမှာ ရေချိုးပေးရပါမယ်။
- ကလေးကိုကိုင်တဲ့လက်တွေဟာ အမြဲတမ်းသန့်ရှင်းနေရပါမယ်။
- ကလေးအညစ်အကြေးကိုင်ပြီးချိန်၊ မေမေအိမ်သာတက်ပြီးချိန်တိုင်းမှာ လက်ကိုစင်ကြယ်အောင်ဆေးကြောရပါမယ်။ နို့တိုက်ခါနီးတိုင်းမှာလည်း မေမေတို့ရဲ့လက်ကိုသေချာစနစ်တကျဆေးကြောသင့်ပါတယ်။
ဒီအချက်လေးတွေအတိုင်းလိုက်နာကျင့်သုံးပြီး မေမေတွေ၊ သားသားမီးမီးတွေအားလုံး ကျန်းမာကြံ့ခိုင်ပြီး ပျော်ရွှင်ဖွယ်မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်နိုင်ကြပါစေနော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး