မေမေတို့ရေ ရင်သွေးငယ်လေးတွေရဲ့ နားကျန်းမာရေးက အရမ်းကိုအရေးကြီးပါတယ်နော်။ နားကြားမှလည်း ကလေးတွေစကားပြောနိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် နားကျန်းမာရေးက အရမ်းကိုအရေးကြီးပါတယ်နော်။
ကလေးတွေဟာ ငယ်ရွယ်စဉ်မှာ နားဖာကြေးတွေပိတ်နေပြီး နားမကြားတာမျိုးဖြစ်တတ်ပါတယ်။ နားဖာကြေးမာနေမယ်ဆိုရင် ထုတ်ရခက်တတ်ပါတယ်။ အဲ့ဒီလိုအခါမျိုးမှာ တတ်ကျွမ်းတဲ့ နား၊ နှာခေါင်းဆရာဝန်တွေနဲ့ ပြသသင့်ပါတယ်နော်။ နားဖာကြေးအစို အပျော့ဆိုရင်ပြဿနာမရှိပေမယ့် အမာဆိုရင်တော့ ဆရာဝန်နဲ့ပြသမှအဆင်ပြေနိုင်မှာပါနော်။
နောက်ပြီး ကလေးတွေကိုရေချိုးပေးတဲ့အခါ နားထဲကို ရေမဝင်အောင် ဂရုစိုက်ပေးဖို့လည်းလိုပါတယ်။ ရေဝင်ပြီး နားပြည်ယိုမယ်ဆိုရင် ဦးနှောက်အမှေးယောင်တတ်ပြီး ဦးနှောက်မှာ ပြည်တည်နာနဲ့ ဦးနှောက်အမှေးယောင်တာတွေဖြစ်တတ်ပါတယ်။
ကလေးရဲ့နားကို ခြောက်သွေ့အောင်ထားဖို့လည်း လိုအပ်ပါတယ်။ နားအတွင်းကို ဘယ်လိုအရာပစ္စည်းကိုမှ မထည့်မိစေဖို့ ဂရုစိုက်ပေးရပါမယ်။ နားအတွင်းကိုမာတဲ့အရာတွေနဲ့ ထိုးတာ၊ ကလော်တာမျိုးတွေကိုလည်း မပြုလုပ်သင့်ပါဘူး။ အဲ့ဒီလိုပြုလုပ်တာက နားအတွင်းမှာရှိတဲ့ အင်္ဂါတွေကို ပျက်စီးစေပြီး နားမကြားတာမျိုးဖြစ်တတ်တဲ့အတွက် မေမေတို့က ဂရုစိုက်ပေးသင့်ပါတယ်နော်။
(မေ့ရင်သွေးမဂ္ဂဇင်းမှ ကောက်နုတ်ချက်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး