မေမေတို့ရေ ရင်သွေးငယ်လေး ၆ လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပေးဖို့လိုအပ်ပါတယ်နော်။ အသက် ၆ လအောက် ကလေးတွေအတွက် မိခင်နို့ဟာ ထမင်း၊ အာဟာရမှုန့်၊ ငှက်ပျောသီးစတဲ့ အခြားဘယ်လိုအစားအသောက်ထက်မဆို သာလွန်ကောင်းမွန်စေနိုင်ပါတယ်။ မိခင်နို့မှာ အာဟာရဓာတ်တွေ ပမာဏအနေနဲ့ လုံလောက်စွာပါ၀င်နေပါတယ်။ မိခင်နို့တစ်မျိုးတည်းမဟုတ်ဘဲ အခြားအစားအစာတွေကို တိုက်ကျွေးမယ်ဆိုရင်တော့ အဲ့ဒီကရရှိတဲ့ အာဟာရဟာ မိခင်နို့ကရတဲ့အာဟာရဓာတ်လောက် စုံလင်မျှတမှုမရှိပါတော့ပါဘူး။ ကလေးက အခြားအစားအစာတွေကို စားတဲ့အတွက် နို့စို့နည်းသွားပြီး မိခင်နို့ထွက်တဲ့ ပမာဏလည်း ကျဆင်းသွားနိုင်ပါတယ်။ အခြားအစားအစာတွေ ကျွေးမွေးမှုအတွက် အသုံးပြုတဲ့ ရေ၊ နို့ဘူး၊ နို့သီးခေါင်း၊ တိုက်ကျွေးသူရဲ့လက်တွေမသန့်ရှင်းတဲ့အခါ ဝမ်းပျက်၊ ဝမ်းလျှော၊ ဝမ်းကိုက်ရောဂါတွေ ကလေးမှာဖြစ်ပွားတတ်ပါတယ်။ အစာမကြေခြင်း၊ ဓာတ်မတည့်ခြင်းတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ အဲ့ဒီလိုအခြေအနေတွေကြောင့် ကလေးမှာ အာဟာရချို့တဲ့မှု၊ ရောဂါထူပြောမှုတွေလည်း ဖြစ်ပေါ်လာနိုင်စေတာမို့ ကလေးငယ်ကို အသက် ၆ လအရွယ်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်ပါတယ်နော်။ ရေတောင်မတိုက်သင့်ပါဘူး မေမေတို့ရေ။
(အာဟာရဆရာဝန်ကြီး ဒေါက်တာလှကြည်ရေးသားသည့် ရင်သွေးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှကောက်နုတ်ချက်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး