မေမေတို့ရေ ဘေဘီလေးတွေကို ခြေ၊ လက်သန့်ရှင်းရေးနဲ့ပတ်သက်ပြီး ဘယ်လိုတွေလုပ်ဆောင်ပေးနိုင်မလဲဆိုတာကို မျှဝေပေးမယ်နော်။ မွေးကင်းစကလေးငယ်တွေကို တစ်ပတ်၊ နှစ်ပတ်မှာ လက်သည်း၊ ခြေသည်း ညှပ်ပေးရမှာပါ။ ကြေးညှော်ကင်းစင်စေဖို့ကိုလည်း ထားပေးရမှာဖြစ်ပါတယ်။ မေမေတို့က ဘေဘီလေးတွေရဲ့ ခြေသည်း၊ လက်သည်းညှပ်မယ်ဆိုရင်တော့ လက်သည်းညှပ်ထက် ကပ်ကြေးကော့ကော့လေးနဲ့ညှပ်ပေးတာ ပိုကောင်းပါတယ်နော်။ ကလေးငယ်တွေကို ညှပ်ပေးရမှာဖြစ်လို့ ဂရုစိုက်ပေးရပါမယ်။
ကလေးငယ်က လက်သီးဆုပ်ထားတာကြောင့် လက်ဖဝါး၊ လက်ကြားတွေကို ရေဝတ်နဲ့သုတ်ပေးသင့်ပါတယ်။ အဲ့ဒါမှလည်း လက်သည်းသာမကဘဲ လက်ပါသန့်ရှင်းနေပြီး ကလေးငယ်က ပါးစပ်ထဲလက်ထည့်တဲ့အခါမျိုးမှာ အန္တရာယ်ကင်းစေနိုင်မှာပါ။ နောက်ပြီးကလေးတွေက လက်သာမက ခြေမကိုလည်း စုပ်တတ်ကြတာမို့ ခြေသည်း၊ လက်သည်းသန့်ရှင်းရေးကို အမြဲတမ်းဂရုစိုက်ပြီး ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်နော်။
ကလေးငယ်ရဲ့သဘာဝအရ လက်သည်း၊ ခြေသည်းတွေက အရှည်မြန်တတ်တဲ့အတွက် တစ်ပတ်တစ်ခါတော့ ညှပ်ပေးရမှာပါနော်။ ကလေးငယ်တွေကို လက်သည်းရှည်မနေအောင် လုံးဝဂရုစိုက်ပေးဖို့လည်း လိုအပ်ပါတယ်မေမေတို့ရေ။ ကလေးက အမှတ်တမဲ့နဲ့ မျက်နှာကိုခြစ်မိတဲ့အခါ လက်သည်းရှည်နေရင် ကလေးထိခိုက်မိတာတွေဖြစ်နိုင်တာကြောင့် မေမေတို့က ဂရုတစိုက်ထားရှိပေးဖို့အတွက် ကျားလေးက မျှဝေပေးလိုက်ပါတယ်နော်။
(မေ့ရင်သွေးမဂ္ဂဇင်းမှ ကောက်နုတ်ချက်)
မိခင်နဲ့ ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး