မေမေတို့ရေ ဘေဘီလေးတွေ မွေးဖွားလာဖို့အတွက် မေမေတို့တွေမှာ ကိုယ်ဝန်ဆောင်ကြတဲ့အခါ သဘာဝအရ သားအိမ်ထဲမှာ သန္ဓေတည်တတ်ကြတာပါ။ သားအိမ်ဆိုတာ ရင်သွေးလေးရဲ့အိမ်ဖြစ်တဲ့အတွက် သားအိမ်ကမှနေ့စေ့လစေ့အရွယ်ရောက်တဲ့အထိ ကြီးပြင်းလာအောင် ရင်သွေးလေးတွေကို လက်ခံထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မှာဖြစ်ပါတယ်။
အချို့သောမိခင်တွေကတော့ သားအိမ်မှာမဟုတ်ဘဲနဲ့ သားအိမ်ပြင်ပ အများအားဖြင့်တော့ သားဥပြွန်မှာ သန္ဓေတည်တတ်ကြသူတွေရှိပါတယ်။ တကယ်လို့သားဥပြွန်မှာ သန္ဓေတည်တဲ့အခါ ရင်သွေးလေးရဲ့ကြီးထွားမှုကို လက်မခံနိုင်ဘဲ သားဥပြွန်ကွဲသွားတတ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း သူသန္ဓေတည်နေတဲ့နေရာမှာ သွေးထွက်တတ်ပါတယ်။ အဲ့ဒီအခါမှာတော့ ရုတ်တရက်အထိမခံနိုင်လောက်အောင် ပြင်းပြင်းထန်ထန်ဗိုက်နာလာပြီး ဖြူဖွေးသွားပြီး သွေးပေါင်တွေကျဆင်းသွားတတ်ပါတယ်။ အဲ့ဒီလိုဖြစ်လာပြီဆိုရင်တော့ အရေးပေါ်သွေးသွင်းတာတွေ၊ ခွဲစိတ်ကုသတာတွေကို အမြန်ဆုံးပြုလုပ်ပေးရမှာပါ။ အဲ့ဒီလိုမလုပ်နိုင်ရင်တော့ မေမေ့အတွက် အသက်အန္တရာယ်လည်း ဖြစ်တတ်ပါတယ်နော်။ အဲ့ဒီအတွက် ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ရုတ်တရက်ပြင်းပြင်းထန်ထန်ဗိုက်နာလာရင် မပေါ့ဆဘဲ နီးစပ်ရာဆရာဝန်နဲ့ ပြသသင့်ပါတယ်။
အကောင်းဆုံးကတော့ မေမေတို့တွေကိုယ်ဝန်ရှိပြီဆိုတာသိတာနဲ့ ဆရာဝန်ဆီမှာဗိုက်အပ်ပြီး ပြသထားတာတော့အကောင်းဆုံးပါပဲနော်။
(မေ့ရင်သွေးမဂ္ဂဇင်းမှကောက်နုတ်ချက်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး