မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန် မွေးဖွားရလွယ်ကူစေဖို့အတွက် အလွယ်တကူပြုလုပ်နိုင်မယ့် ယောဂလေ့ကျင့်ခန်းလေးတွေကို ကျားလေးရဲ့ မေမေတို့အတွက် မျှဝေပေးမယ်နော်။
စိတ်ပိုင်းဆိုင်ရာတည်ငြိမ်စေဖို့အတွက် ... တရားမှတ်ပေးရပါမယ်မေမေတို့ရေ။ ခေါင်းအုံးအေပျော့လေးပေါ်မှာ တင်ပါးကိုတင်ပြီး တင်ပျဉ်ခွေထိုင်ကာ ၃ မိနစ်ကနေ ၅ မိနစ်လောက်အထိ တရားမှတ်ပေးဖို့လိုပါတယ်။
ကြွက်သားတွေပြေလျော့စေဖို့အတွက် ... လိပ်ပြာသဏ္ဍာန်ယောဂလေ့ကျင့်ခန်းကို ပြုလုပ်ပေးရမှာပါ။ ခြေထောက်နှစ်ဖက်ကို အတွင်းဖက်ကိုသွင်းပြီး ခြေဖဝါးနှစ်ဖက်ကိုထိကာ လက်နဲ့ကိုင်ပြီး ကိုယ်ကိုအရှေ့ဘက်ကို ကိုင်းချရပါမယ်။ တံတောင်ကို အရမ်းကြီးကွေးသွားတဲ့အထိ မကုန်းချဘဲနဲ့ ပြုလုပ်ရမှာပါ။ ဒီလေ့ကျင့်ခန်းကတော့ တင်ပါးဆုံကို ပွင့်စေပြီး အသည်း၊ ကျောက်ကပ်တို့ကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်နော်။
တင်ပါးဆုံအချိတ်အဆက်တွေကောင်းမွန်စေဖို့ကတော့ ... နဂါးသဏ္ဍာန်ယောဂလေ့ကျင့်ခန်းကိုပြုလုပ်ဖို့လိုပါတယ်။ ခြေထောက်အနောက်ဘက် ကြွက်သားတွေကိုလည်း ပြေလျော့စေတဲ့လေ့ကျင့်ခန်းပါ။ ခြေထောက်တစ်ဖက်ကို ဒူးထောက်ထိုင်ထားပြီး နောက်တစ်ဖက်ကို အနောက်ဘက်ကိုထုတ်ကာ ဒူးလောက်အထိ ကြမ်းပြင်မှာထိနေရပါမယ်။ လက်နှစ်ဖက်ကို ပခုံးအကျယ်အတိုင်းတည့်တည့်အောက်ဘက်ကိုထိန်းပြီးထောက်ထားရပါမယ်။ ခေါင်းကိုတော့ အလိုက်သင့်လေးမော့ထားပေးရမှာပါ။
နောက်ကျောတွေပြေလျော့စေဖို့ကတော့ .... ခြေထောက်တစ်ဖက်ပေါ် တစ်ဖက်ကိုတင်ပြီးထိုင်ရပါမယ်။ လက်နှစ်ဖက်ကို ပခုံးအကျယ်အတိုင်း အရှေ့ဘက်မှာထောက်ပြီး မျက်နှာကို ကြမ်းပြင်နဲ့ မျက်နှာချင်းဆိုင်အနေအထားလောက်သာ ခေါင်းကိုငုံ့ထားရပါမယ်။ အဲ့ဒီနောက်မှာတော့ လက်နှစ်ဖက်ကို ရှေ့ကို ၄၅ ဒီဂရီလောက်ကားထုတ်ပြီး ကိုယ်ကိုလည်း အလိုက်သင့် ညွတ်ချလိုက်ရမှာပါ။ ၅ စက္ကန့်ကနေ ၁၀ စက္ကန့်လောက်နေပြီး ပြန်ထိုင်ရပါမယ်နော်။
(မေ့ရင်သွေးမဂ္ဂဇင်းမှကောက်နုတ်ချက်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး