
လင်နဲ့မယားအကြား ကတောက်ကဆဖြစ်တယ်ဆိုတာ သိပ်ပြီးထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ချစ်သူဘဝမှာတင် သဘောထားချင်း မတိုက်ဆိုင်တာကြောင့် စကားများရန်ဖြစ်နိုင်ပြီး လင်မယားဘဝရောက်ရင် ပိုလို့တောင် ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် သားသမီးရလာတဲ့အခါမျိုးမှာ အော်ကြီးဟစ်ကျယ်ရန်ဖြစ်တာမျိုးကတော့ မိမိကလေးတေွအတွက် သိပ်ပြီးတော့ မကောင်းလှပါဘူး။

လင်မယားရန်ဖြစ်နေတာဟာ ပတ်ဝန်းကျင်အတွက်လည်း မကောင်းသလို ငယ်ရွယ်သေးတဲ့ သင့်ကလေးရဲ့ နူးညံ့တဲ့စိတ်နှလုံးကို များစွာ ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ သင်တို့စုံတွဲရန်ဖြစ်နေတာကို သင့်ကလေးမြင်ရတဲ့အခါ သူ့ရဲ့ စိတ်ကျန်းမာရေးကို ဆိုးရွားစေမှာ ဖြစ်ပါတယ်။ ဒါဟာ ရေရှည်အထိ အကျိုးသက်ရောက်မှု ရှိမှာပါ။

အဲ့ဒီံအချိန်မျိုးမှာ သူတို့ရင်ဆိုင်ရတဲ့ အဓိကပြဿနာက ဘက်ရေွးချယ်မှုပါပဲ။ ကလေးတေွဟာ မိဘနှစ်ပါးလုံးကို ချစ်မြတ်နိုးပေမယ့် သူတို့ချစ်တဲ့သူနှစ်ယောက် ရန်ဖြစ်နေတဲ့အခါ အလွန်အမင်းစိတ်ရှုပ်ထေွးမှု ဖြစ်စေနိုင်ပါတယ်။ ရလဒ်ကတော့ သင့်ကလေးငယ်ဟာ ဘယ်သူမှန်တယ် ၊ ဘယ်သူမှားတယ်ဆိုတာကို ခွဲခြားသတ်မှတ်နိုင်မှာ မဟုတ်ပဲ ဒွိဟစိတ်တေွနဲ့ ရှင်သန်နေရမှာ ဖြစ်ပါတယ်။

တကယ်တော့ အိမ်ဆိုတဲ့အရာဟာ လုံခြုံမှုဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။ အိမ်ဟာ ဘယ်လိုနေရာမျိုးကမှ မပေးစွမ်းနိုင်တဲ့ သက်တောင့်သက်သာဖြစ်မှုကို ရရှိစေမှာပါ။ ဒီလို ကလေးငယ်တေွရဲ့ စိတ်ထဲမှာ ကောင်းတဲ့ခံစားချက်တေွ ရရှိစေတဲ့ အိမ်မှာ မိဘနှစ်ပါးက ရန်ဖြစ်နေမယ်ဆိုရင် လုံခြုံမှုနဲ့ ငြိမ်းအေးမှုဆိုတဲ့ အရာအပေါ် သံသယဖြစ်လာနိုင်ပါတယ်။

အဆိုးဆုံးကတော့ ဒီလိုဖြစ်ပြီးသွားရင် မိဘနဲ့သားသမီးအကြား ဆက်ဆံရေးမှာလည်း အဖုအထစ် အက်ကြောင်းလေးတေွ ဖြစ်လာမှာပါ။ ဒါ့ကြောင့် မိဘတေွအနေနဲ့ စကားများရန်ဖြစ်ချင်ရင်တောင် ကလေးတေွရေှ့မှာ မပြုလုပ်မိဖို့ အကြံပြုပါရစေ..။
HYA (kyarlay)