မေမေတို့ရေ ဘေဘီလေးတွေ ငယ်သွားစပေါက်ချိန်မှာ သွားဖုံးရောင်ပြီး နာလာတတ်လို့ ဂျီကျတတ်ပါတယ်နော်။ အစာစားဖို့လည်း ငြင်းဆန်လာတတ်ပါတယ်။ ညဘက်အိပ်မပျော်ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ကလေးရဲ့ပါးလေးတွေမှာ နီရဲရောင်အန်းလာတတ်ပါတယ်။ မြင်သမျှကိုက်ချင်လာပြီး သူ့ရဲ့လက်ချောင်းလေးတွေ၊ အရုပ်တွေ၊ တွေ့ရာပစ္စည်းတွေကို ဆုပ်ယူဆွဲကိုက်တတ်လာပါတယ်။
ကလေးငယ်သွားပေါက်စမှာ သွားရည်လောင်တာမျိုးဖြစ်တတ်လို့ ကလေးရဲ့မျက်နှာကို အဝတ်သန့်လေးနဲ့ မကြာမကြာသုတ်ပေးရပါမယ်။ ကလေးကိုရော်ဘာနဲ့လုပ်ထားတဲ့ teething ring ပေးကိုက်တာ၊ ပန်းသီးစိတ်အေးအေးလေးကိုက်ခိုင်းတာမျိုးတွေပြုလုပ်ပေးနိုင်ပါတယ်နော်။ လက်မစုပ်တာကိုတော့ သွားဆရာဝန်တွေက တားမြစ်လေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ အလွယ်တကူကျိုးပဲ့နိုင်တဲ့ ပလတ်စတစ်ပစ္စည်းလေးတွေကို ကလေးနဲ့ဝေးရာမှာ ထားဖို့လိုပါတယ်။ ကလေးသွားဖုံးကို အဝတ်အေးအေးလေးနဲ့ ညင်ညင်သာသာပွတ်ပေးတာ၊ သုတ်ပေးတာတွေကို ပြုလုပ်ပေးဖို့လိုပါတယ်။ အရက်ပြန်ဆွတ်ပေးတာ၊ ဆေးမှုန့်သိပ်ပေးတာ၊ ရေခဲတုံးကပ်ပေးတာတွေကို ရှောင်ရပါမယ်နော်။
မေမေတို့ရေ ဒီလိုအကျိုးရှိတဲ့အကြောင်းအရာလေးကတော့ (စာရေးသူ ဒေါက်တာ မေမွန်ရဲ့ မေ့ရင်သွေးလေးကျန်းမာစေဖို့) ဆိုတဲ့ စာအုပ်မှ ကောက်နုတ်ထားပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး